By – ထက်မြတ်
Date – June 3, 2026
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စု နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)ဆီကသိရပါတယ်။
မေလ ၃၁ ရက်နေ့မှာ ညောင်ဦးမြို့နယ် တောပြားကျေးရွာကနေ ငါ့သရောက် − ဝဲလောင်လမ်းမကြီးအတိုင်း တံတားကျေးရွာဘက်ကို အင်အား ၃၀၀ ဝန်းကျင် နဲ့ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်အုပ်စု နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် ဇွန်လ ၁ ရက်နေ့မှာတော့ အဆိုပါစစ်အုပ်စုဟာ တံတားကျေးရွာ အရှေ့ဘက်ကို ထပ်မံစစ် ကြောင်းထိုးလာချိန် အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါထိတွေ့ပစ်ခတ်မှု ၂ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၎င်းတို့ဆီကနေ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ နဲ့ ခဲယမ်းအနည်းငယ်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါ တယ်။
“ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး။ရန်သူ့သေဆုံးမှုကို မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်။လက် နက်သိမ်းဆည်းရမိတာမျိုးတော့မရှိပါဘူး”လို့ PLA ပြန်ကြားရေးတာဝန်ခံက People’s Radio Myanmar ကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ Popa Guerilla Force (PGF) ၊ 21 Bagan တပ်ဖွဲ့ ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ နဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
ဒါ့အပြင်အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးတာ နဲ့ ပတ်သက်ပြီး People’s Radio Myanmar အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။လက်ရှိမှာတော့ အဆိုပါစစ်ကြောင်းဟာ မုံရိုးကျေးရွာထဲကိုရောက်ရှိနေတယ်လို့သိရပါတယ်။