ဇွန် ၃၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် အပိုင်မော်ကို ထိုင်းကျေးရွာဘက်ကို ဇွန်လ၂ရက်နေ့မှာစစ်အုပ်စုတိုက်ခိုက်တဲ့ ကာမီကာဇေအသေခံဒရုန်းတစ်စီး ငရုတ်သီးစိုက်ခင်းတစ်ခုပေါ်ကို နယ်စပ်ဖြတ်ကျော်ကာကျရောက်ပေါက်ကွဲခဲ့တာကြောင့် ငရုတ်သီးဆွတ်ခူးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးနဲ့ သားဖြစ်သူအပါအဝင် မိသားစု ၃ ဦး သေဆုံးကာ အခြား ၂ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂ရက် ညနေ ၄နာရီလောက်မှာ မော်ကိုထိုင်းကျေးရွာဘက်ကို မြန်မာစစ်အုပ်စုတပ်က ပစ်လွှတ်တဲ့ ကာမီကာဇေဒရုန်းနှစ်ဦးပျံသန်းလာပြီး တစ်စီးက သစ်ပင်နှင့် တိုက်မိပျက်စီး သွားသလို တစ်စီးက ငရုပ်သီးစိုက်ခင်းအတွင်း ကျရောက်ပေါက်ကွဲတာပါ။
အဲ့ဒီ ဒရုန်းဗုံးသီးပေါက်ကွဲဖြစ်စဉ်ကြောင့် မြန်မာလုပ်သား အမျိုးသမီး မမခိုင် (၂၅ နှစ်) နေရာတွင် သေဆုံးပြီး မမခိုင်၏ ခင်ပွန်းဖြစ်သူ ကိုသူရ (၃၇ နှစ်) နှင့် (၁၁) နှစ်အရွယ် သားဖြစ်သူတို့မှာ ဒဏ်ရာပြင်းထန်သဖြင့်ဆေးရုံတွင် ထပ်မံသေဆုံးသွားခဲ့သလို အခြားဒဏ်ရာပြင်းထန်တဲ့ မြန်မာလုပ်သား ၂ ဦးဖြစ်သော ကိုခြေတို (၃၁ နှစ်) နှင့် မမနိုင် (၃၀ နှစ်) တို့ကို မဲဆောက်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖုတ်ဖရမြို့နယ် ရဲတပ်ဖွဲ့က ဒရုန်းကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာအနီးဝန်းကျင်ကို
အန္တရာယ်ရှိဇုန်အဖြစ်သတ်မှတ်ကာ အများပြည်သူဝင်ထွက်သွားလာခွင့်အရေးပေါ်ပိတ်ပင်ထားပြီး၊ သက်သေခံအထောက်အထား ရှာဖွေရေးကျွမ်းကျင်သူများ လာရောက်စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖုတ်ဖရမြို့နယ်အတွင်း ထိုင်း၊ မြန်မာနယ်စပ်အနီး နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာ ပစ္စည်းကိရိယာများနှင့် ဗုံးသီးကဲ့သို့သော အရာဝတ္ထုများ တွေ့ရှိပါက ရွှေ့ပြောင်းခြင်း၊ ကိုင်တွယ်ခြင်းနဲ့ ယူဆောင်ကစားခြင်းမျိုး လုံးဝမပြုလုပ်ကြရန်နှင့် အသက်အန္တရာယ် မထိခိုက်စေရေးအတွက် သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားရန် ဒေသခံအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားကြောင်း PRM ကသိရပါတယ်။