တရုတ်ရဲ့ စစ်အင်အားတိုးချဲ့မှုကြောင့် အာရှဒေသမှာ လက်နက်တပ်ဆင်မှု အရှိန်မြင့်လာ


ဇွန်လ – ၂ ရက်
အာရှ-ပစိဖိတ်ဒေသနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား တိုးချဲ့လာမှုနဲ့ ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လာနေခြင်းကြောင့် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်သုံးစွဲနေကြသလို စစ်လက်နက်ဝယ်ယူမှုတွေကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြကြပါတယ်။
စင်ကာပူမှာ ကျင်းပခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အာရှမဟာမိတ်နိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ စစ်ရေးသြဇာချဲ့ထွင်မှုကို တားဆီးနိုင်ဖို ကာကွယ်ရေးအသုံးစရိတ်များ ပိုမိုတိုးမြှင့်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျနဲ့ ထိုင်ဝမ်တိုမှာလည်း စစ်ရေးစွမ်းရည်မြှင့်တင်ရေးနဲ့ ခေတ်မီလက်နက်စနစ်များ ဝယ်ယူရေးအတွက် ဘတ်ဂျက်များ တိုးချဲ့သုံးစွဲနေတာပါ။
ကမ္ဘာ့ငြိမ်းချမ်းရေးသုတေသနအဖွဲ SIPRI ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း အာရှနဲ့ သမုဒ္ဒရာပိုင်းဒေသရဲ့ စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၈၁ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။
ဒါကြောင့် အာရှဒေသရဲ့စစ်အသုံးစရိတ်ဟာ အရင်နှစ်တွေထက် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့တာကြောင့် ၂၀၀၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်း တိုးမြှင့် သုံးစွဲနေတာလည်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ စစ်အသုံးစရိတ်မှာ ၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုင်ဝမ်၏ စစ်အသုံးစရိတ်မှာ ၁၄ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း SIPRI က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖြစ်ပွားနေတဲ့ ရေပိုင်နက် အငြင်းပွားမှုကြောင့် လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း အင်အားပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာနေပြီး နိုင်ငံအချိုဟာ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နေသလို စစ်လက်နက်နှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဓါတ်ပုံ – လူမှုကွန်ရက်

Leave a Reply

Your email address will not be published. Required fields are marked *