Photos
Photos
Photos
သရက်ချောင်းမြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီအရေးပေါ် လိုအပ်နေ
By – မင်းလူ
Date – April 2 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေးတလျှောက်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူတွေ စားနပ်ရိက္ခာအကူအညီလိုအပ်လျှက်ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေထံမှ သိရပါတယ်။
စစ်တပ်လက်လွှတ်ထားရတဲ့ ဝင်းဝစခန်းကို ပြန်လည်ရရှိရေး ရေကြောင်း၊ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်း မှ တဆင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံအများအပြားက နေရပ်ပြန်လာနိုင်ခြင်း မရှိသေးဘဲ တောတောင်ဥယျာဉ်ခြံတွေမှာ အများဆုံး တိမ်းရှောင်နေရတာပါ။
ဒီလိုမျိုး တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးပြတ်တောက်နေတဲ့အပြင် သွားလာရေးအခက်အခဲတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီနေသူတဦးက PRM ကို ပြောပါတယ်။
“အဓိက လမ်းတွေ ပိတ်ထားတော့ ဈေးတွေ သွားလို့မရဘူး၊ ဈေးကားတွေ ရွာဘက်မရောက်နေဘူး၊ ရှိတာနဲ့ စားနေကြတာပဲ၊ ကြာပြီးလေ အချို့ ရိက္ခာတွေ မရှိတော့ဘူး၊ ဒါတောင် အချို့ဈေးကားတွေ အရဲစွန့်ပြီး တခါတလေ ရောက်တဲ့ ရွာကရောက်တယ်၊ ရွာတိုင်းတော့ ဘယ်ရောက်မလဲ လမ်းမှာက တိုက်ပွဲဖြစ်နေတာ၊ လက်နက်ကြီးဆိုလဲ ပစ်နေတော့လေ၊ ဒုက္ခရောက်တာပေါ့၊” လို့ ပြောပါတယ်။
တရွာဝင်တရွာထွက် ဈေးလိုက်လံရောင်းချနေတဲ့ မိုဘိုင်း ဈေးကားတွေက မရှိသလောက်နည်းပါးသွားပြီး ရှိတဲ့ ကားတွေက အန္တရာယ်ကြားကနေ သွားလာနေရတာနဲ့ စားသောက်ကုန်များ ဝယ်ယူရခက်ခဲနေတာကြောင့် ဈေးထက်ဝက်နီးပါးမြင့်တက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ သရက်ချောင်းမြို့နယ်တခွင်မှာ စစ်ဘေးရှောင်သောင်းချီရှိနိုင်ပြီး အချို့ဆိုနေရာတွေကို အကူအညီရောက် နေပေမဲ့ အချို့စစ်ရှောင်တွေက ဘယ်နေရာမှာ ရှိသလဲဆိုတာ မသိရဘဲ အဆက်အသွယ်ပြတ်တောက်နေသူတွေ အများကြီး ရှိနေပါတယ်။
“အားလုံးက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှောင်ကြတာ များတယ်၊ လက်လှမ်းမီသလောက် ရှိတာလေးနဲ့ ထောက်ပံ့ ပေးနေတာ ရှိတယ်၊ အားလုံးကို မလွှမ်းခြုံနိုင်ဘူး၊ အခုသိသလောက် စစ်တပ်က အင်အားအများအပြားနဲ့ ပြန်ဝင်နေတော့ ရွာမပြန်ရဲကြတဲ့သူတွေ ရှိနေတယ်၊ ဒီတိုင်းဆက်နေရင် သူတို့တွေ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံရမယ်” လို့ အထက်ပါစစ်ဘေးရှောင်ကူညီက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အို၊ ကလေး၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နာတာရှည်ရောဂါသည်တွေ ပါဝင်နေပြီး သူတို့အတွက် ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီးအနီး မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော်အခြေချတပ်စွဲထားတဲ့ ဝင်းဝစခန်းကို တလနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မတ်လ ၁၄ ရက်နေ့မှာ ကရင် တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်တပ်က ကြည်းရေလေအင်အားသုံးပြီး အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို မတ်လကုန်ပိုင်းမှာ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ဖြစ်တယ်လို့ ဝါဒဖြန့်လာပါတယ်။
ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက စစ်တပ်ရဲ့ လေကြောင်းကနေ အလွန်အကျွံဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိန်းချုပ်ထားတဲ့ နယ်မြေအချို့ကနေ ပြန်လည်ဆုတ်ခွာသွားတာမျိုးရှိပေမဲ့ ဝါဒဖြန့်ထားသလို စစ်တပ်က အလုံးစုံထိန်းချုပ်သွားတာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ရှိပါတယ်၊ အချို့နေရာကနေ ပြန်ဆုတ်သွားရတာ၊ မြင်တဲ့အတိုင်းပဲ လေကြောင်းတွေ နေ့တိုင်းလိုလို လာပစ်တယ်၊ အရပ်သားတွေ ထိခိုက်မှုများတယ်၊ အဲဒီအခြေအနေကြောင့် ပါတယ်၊ ပြန်ဆုတ်လိုက်တာပေါ့နော်၊ အချို့နေရာက ကျွန်တော်တို့ စိုးမိုးထားဆဲပါပဲ၊ တိုက်ပွဲကလည်း နေ့တိုင်းဖြစ်နေတုန်းပါပဲ” လို့ အထက်ပါရဲဘော်က ပြောပါတယ်။
သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်လက်ချက်ကြောင့် ကလေးအပါအဝင် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘာသာရေးကျောင်း၊ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အချို့အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – Social Media ၊ စစ်ဘေးရှောင်ကူညီအဖွဲ့
ပုံစာ – တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်များ