Photos
Photos
Photos
မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၂၄)အတွက် လူငယ်တွေ အတင်းအကြပ်ဖမ်းဆီးခံနေရ
“အလုပ်သမားတွေပါမကျန် ဖမ်းဆီးနေ”
By – မင်းလူ
Date – April 1 , 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်က္ကသာကျေးရွာဆိပ်ကမ်းမှာ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ကုန်ချ အလုပ်သမား ၁၂ ဦးကို စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းလိုက်ကြောင်း ယင်းနယ်မြေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေထံမှ သိရပါတယ်။
ကျိုက်က္ကသာကျေးရွာဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ အလုပ်သမားတွေအပါအဝင် ကုန်တင်ယာဉ်မောင်း အပါအဝင် ၃၇ ဦးကို မတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့သူတွေအနက် အသက် ၄၀ နှစ်ကျော်အရွယ် သက်ကြီးပိုင်းအမျိုးသားတွေကို မတ်လ ၂၆ ရက်နေ့ မှာ ပြန်လွတ်ပေးခဲ့ပေမဲ့ စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်တဲ့ လူငယ် ၁၂ ဦးကို စစ်မှုထမ်းတပ်သား အဖြစ် စုဆောင်းခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးရဲဘော်တဦးက PRM ကို ပြောပါတယ်။
“အဲဒီနေ့က ဝင်းစီးတာ ဆိပ်ကမ်းကိုလေ အကုန်ဖမ်းတာပဲ တွေ့တဲ့ယောကျာ်းလေး မှန်သမျှ အလုပ်သမားပါ မကျန်ဘူး၊ သူတို့ စစ်ဆေးစရာရှိတာ စစ်ပြီး လူငယ်တွေကိုကျတော့ လုံးဝပြန်မလွှတ်ဘဲ စစ်မှုထမ်းဖို့ ဖမ်းခေါ် ထားတယ်” လို့ ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ကနေတဆင့် ပဲခူးတိုင်းဘက်ကို စက်လှေတွေနဲ့ တရားမဝင် ပစ္စည်းတင်ပို့နေတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အမှုနဲ့ ပတ်သက်ဆက်နွယ်သူတွေကိုတော့ အရေးယူနိုင်ဖို့ စစ်ဆေးနေ တယ်လို့ သူက ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးထားတဲ့လူငယ်တွေကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော် တန်းမြင့်သင်တန်းကျောင်းမှာ ရှိနေကြပါတယ်။
သူတို့ကို လာမည့် စစ်မှုထမ်းအပတ်စဉ်(၂၄)အတွက် စုဆောင်းခံထားရပြီး သူတို့လို အတင်းအကြပ်စစ်မှုထမ်းဖို့ အခုရက်ပိုင်းအတွင်း မွန်ဒေသက လူငယ်အများအပြား ဖမ်းဆီးခံနေရတယ်လို့ သထုံမြို့ခံတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ မတ်လထဲမှာဆို သထုံမှာဆိုတော်တော်များတယ်၊ ဟိုရွာက နှစ်ယောက်၊ ဒီရွာက နှစ်ယောက် အဲဒီလို ဖမ်းပြီး ခေါ်သွားတာ၊ အဓိက လူငယ်တွေ မြို့တက်လာရင် လမ်းမှာပေါ့၊ ဟိုခြိမ်းခြောက် ဒီခြိမ်းခြောက်ပြီး ဖမ်းသွားတာပဲ” လို့ ပြောပါတယ်။
အဆိုပါဖမ်းဆီးခံထားရတဲ့လူငယ်တွေက အစောပိုင်းမှာ မိသားစုနဲ့ အဆက်အသွယ်မရပေမဲ့ စစ်မှုထမ်းတပ်သား အဖြစ် စုဆောင်းခံလိုက်ရပြီး သင်တန်းကျောင်းရောက်ရှိအချိန်မှာ စစ်ကောင်စီက သူတို့မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုခဲ့ပါတယ်။
မွန်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၃)အထိ ဖွင့်လှစ်ထားပြီး စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကြပ်ဖိအားပေး စုဆောင်းခံရတဲ့သူ ၅၀၀၀ နီးပါးရှိလာပြီးဖြစ်တယ်လို့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – SAC ၊ MOI
ပုံစာ – စစ်မှုထမ်းသင်တန်း ဖွင်လှစ်စဉ်။