ကလေးမြို့မှာ ချောင်းကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး ရေထဲမျှောပါသွား။
By – ထက်မြတ်
Date – September 2 , 2026
စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပေါ်မှာ ချောင်းကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးရေ ထဲမျှောပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက်နေ့အထိ ကလေးမြို့ပေါ်မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ကလေးမြို့ ၊ ပင်လုံရပ်ကွက်အတွင်းရှိ ဗန္ဓုလလမ်းအနီးရှိ ဥပုတ်ချောင်းရေလျှံတက်လာပြီး အဲဒီချောင်းနားမှာနေထိုင်တဲ့ အသက် (၅၀) ဝန်းကျင်အရွယ် ဒေါ်အဝင်းဟာရေထဲမျှော်ပါသွားတယ်လို့ဆိုပါတယ်။
“သူတို့နေတဲ့အိမ်နားမှာ ကမ်းပါးပြိုလို့ပါသွားတာ ၊ ရေတွေများနေလို့ထွက်ကြည့်ပြီး အိမ်နီးနားတွေကိုပြောတဲ့အချိန်ကမ်းပါးပြိုပြီးပါသွားတာ မိုးရွာနေတာ ၃ ၊ ၄ ရက်ရှိပြီး မိုးမပြတ်တာ ၊ တောင်ကျရေများပြီး ချောင်းရေကြီး ၊ လယ်ရေမြုတ်၊လမ်းကျော် မြို့ထဲရပ်ကွက်တွေထိဝင်နေတာ”လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။
ရေထဲမျှောပါသွားတဲ့ ဒေါ်အဝင်းကိုတော့ ယခုသတင်းရေးတဲ့အချိန်ထိ ပြန်လည်ရှာတွေ့ ခြင်းမျိုးမရှိသေးပေ။အဆိုပါ အမျိုးသမီးဟာ တောင်ဇလပ်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်အခုလို ရေကြီးမှုကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတစ်ချို့ဟာလည်း ၎င်းတို့နေထိုင်ရာနေရာမှာ နေလို့မရတော့တဲ့အတွက် ကုန်းမြင့်နေရာတွေမှာ ထပ်မံတိမ်းရှောင်နေကြရသလို ကုန်းနိမ့်မှာနေထိုင်တဲ့ မြို့ခံတစ်ချို့လည်းရေဘေးတိမ်းရှောင်တာမျိုးတွေရှိတယ်လို့ဆိုပါတယ်။
“မြေနိမ့်တဲ့နေရာက တဲအိမ်တွေ လူတွေကတော့ မြင့်တဲ့နေရာေရွှ့ကျတယ်၊စစ်ရှောင်တောတိုက်ဘက်မှာလည်းရေတက်တဲ့ စစ်ရှောင်တွေက တဲပေါ် နဲ့ ရေလွတ်တဲ့နေရာ ၊ အမြင့်ပိုင်းတွေဆီရှောင်နေကြတယ်”လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။
အခုလို မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကလေးမြို့ ပြင်ဘက်ရှိ ကားလမ်းအနိမ့်ပိုင်းတစ်ချို့မှာ ရေကျော်နေပြီးဖြစ်သလို ကားလမ်းနဘေးမှာရှိတဲ့ ဖောင်ကူးရွာဟာလည်း ရေလွှမ်းမိုးသွားပြီးဖြစ်တဲ့အတွက် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသခံတွေကို စိန်မေရီ အ.ထ.ကကျောင်းကိုပို့ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
ကလေးမြို့မှာ ချောင်းကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး ရေထဲမျှောပါသွား။