စက်တင်ဘာလ ၃၊ ၂၀၂၆
ထိုင်း−မြန်မာ နယ်စပ် မြဝတီမြို့ တောင်ဘက်က မင်းလက်ပံ၊ ဖလူး၊ ဝေါလေလမ်းပိုင်းမှာ စစ်အုပ်စုတပ်က အထိနာတပ်လန်နေလို့ KNLA မဟာမိတ်တပ်တွေနဲ့ စစ်အုပ်စုဒရုန်းနဲ့ အပြန်လှန်ကင်းထောက်ပြီး ဗုံးကြဲတိုက်ခိုက်တာနဲ့ အသေခံဒရုန်းလွှတ်တိုက်ခိုက်တာတွေ အခုစက်တင်ဘာ ၂ရက်အထိရှိနေပါတယ်။
စစ်အုပ်စုတပ်က စစ်ကြောင်း၅ ကြောင်းနဲ့ ဝေါလေ၊ သုံးထပ်ဂွေ့၊ သဲဖြူချောင်းတောင်ပေါ်နေရာတွေကို စစ်ဆင်တိုက်ခိုက်နေတာမှာ စစ်သားသစ်ရာချီသေဆုံးထိခိုက်ပြီး တပ်လန်ပြန်ဆုတ်ရတာကြောင့်
ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးဆက်လုပ်နေတာလို့ KNLA မဟာမိတ်တပ်ဖွဲ့ ထောက်ပို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” စစ်တပ်က ဒရုန်း UAV ကင်းထောက်ဒရုန်းကြီးတွေနဲ့ ကြည့်နေပြီး ကာမီကာဇေအသေခံဒရုန်းတွေ လွှတ်ဆောင့်တာမျိုး တိုက်တာပေါ့နော်၊ ကိုယ်ဘက်ကလည်း FPV ဒရုန်းတွေနဲ့ ပြန်တိုက်တာမျိုး ၊ ကင်းထောက်ပြန်တင်ထားရတာမျိုးနဲ့ တိုက်နေတယ်၊ သူဂျန်ပါ၊ ကိုယ့်ဂျန်ပါလည်း ဆွဲချတာမျိုးရှိတယ်၊ မြေပြင်တက်လာသမျှကတော့ ထိတာသေတာချည်းဖြစ်နေတယ် စကစတွေဘက်ကပေါ့နော်” လို့ ပြောပြပါတယ်။
ဒါအပြင် စစ်အုပ်စုတပ်ဘက်က စစ်သားသစ်(ပစ)တွေကို စစ်တပ်စစ်ကြောင်းကွတ်ကဲသူတွေက မူးယစ်ဆေးတိုက်ကျွေးပြီး ရှေ့ပွိုင့်တက်ခိုင်းတာမျိုး ရှိနေလို့ ရှေ့တန်းတိုက်ပွဲနေရာမှာတော့ နယ်မြေကာကွယ်ရေးအတွက် စစ်ရေးအရတိုက်ခိုက်ချေမှုန်းရတာမျိုး လည်းရှိနေတယ်လို့ ဆက်ပြီးပြောပါတယ်။
” စကစ တွေက ဒရုန်းကင်းထောက်မယ်၊ ပြီးရင်လက်နက်ကြီးထုမယ်၊ အဲ့ကနေကိုယ်နေတဲ့နေရာ တွေကို စစ်ကြောင်းက မိုးရွာကြီးထဲ တက်လာလုံးတော့ မြင်ရာပစ်ချရတာဘဲ၊ အဲဒီမှာ(ပစ)လေးတွေက သေနတ်ပိုက်ပြီး တက်လာတယ် ၊ လက်ပစ်ဗုံးကိုင်ပြီး တက်လာတယ်၊ ဆေးကြောင်နေတယ်လို့ ထင်ရတယ်၊ သူတို့ အကြောက်အလန့် မရှိဘူး၊ မိုးအေးတာ၊ တိုက်ပွဲကြီးတာ၊ သူတို့ပိတ်မိနေတာမျိုးကို သူတို့ မသိတဲ့ပုံစံတွေနဲ့ ထိကုန်တယ်” လို့ ဆက်ပြီးပြောပြပါတယ်။
အဲဒိလို စစ်အုပ်စုတပ်တွေ ဖလူး၊ ဝေါလေဒေသကို စစ်ဆင်တိုက်ခိုက်နေတာ တစ်နှစ်နီးပါးရှိလာနေချိန်မှာတော့ စစ်တပ်က လေးကေကော်၊ မယ်ထော်သလေး၊လက်ခတ်တောင်နဲ့ KKpark တရုတ်ကျားဖြန့် ဝင်းနေရာတွေမှာ ခြေကုတ်ယူတပ်စွဲထားပြီး လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုစတဲ့ စစ်နည်းဗျူဟာ အမျိုးမျိုးနဲ့ စစ်ဆင်တိုက်ခိုက်နေပေမယ့် KNLA မဟာမိတ်တပ်တွေကို ရှေ့တိုးတက်တိုက်ခိုက်မရတဲ့အခြေအနေဆက်ပြီးရှိနေတယ်လို့ သိရပါတယ်။