မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးကျေးရွာတွေကို ရိက္ခာပို့မှုကြောင့် ဖမ်းဆီးခြင်းခံထားရသူ ၅ ဦးဟာ အချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၆ ရက်နေ့ ညပိုင်းလောက်မှာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ အချုပ်ထောင်နေရာတစ်ခုမှာ ဖမ်းဆီးထားတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဟာ အချုပ်ထောင်ဖောက်ထွက်ပြေးသွားခဲ့ပါတယ်။ ၎င်းတို့ ၅ ဦးထွက်ပြေးသွားတာကို စခန်းရှိကာကွယ်ရေးတပ်သားတွေက သြဂုတ် ၂၇ ရက်နေ့ မနက်ပိုင်းမှာသာ သိရှိခဲ့တယ်လို့ဆိုပါတယ်။
“ဖြစ်စဉ်တွေအားလုံးကို သုံးသပ်ကြည့်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအားနည်းမှု နဲ့ သုံ့ပန်း ၊ အကျဉ်းသားတွေကို ယုံကြည်မှုများလွန်းတယ်လို့ပြောရမှာပဲ၊အခုထွက်ပြေးလွတ်မြောက်သွာတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းတာက မြို့နယ် ပလဖအဖွဲ့အစည်းကနေမယ်” လို့ ဂန့်ဂေါနယ်ခံတစ်ဦးကပြောပါတယ်။
အဆိုပါ အချုပ်ထောင်ကနေ ထွက်ပြေးသွားသူတွေဟာ လက်ရှိမှာတော့ ဂန့်ဂေါမြို့ ခလရ (၅၀)တပ်ထဲကို ဝင်ရောက်သွားပြီး ၎င်းတို့ ၅ ဦးစလုံးဟာ ပျူစောထီးတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ဒါ့အပြင် ၎င်းတို့ဟာ ရွှေဘိုကျေးရွာမှာနေထိုင်သူတွေဖြစ်ပြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ပျူစောထီး)ကျေးရွာတွေကို ရိက္ခာပို့ဆောင်နေမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေဖြစ်ပါတယ်။
“လက်ရှိမှာ ထွက်ပြေးလာတဲ့ ၅ ယောက်ကို ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ထဲမထားပဲ မြို့ထဲမှာ နေအိမ်စီစဉ်ပေးထားပြီးတော့ နေထိုင်ခွင့်ပေးထားတယ်လို့ သိရတယ်”လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။
အခုလို အချုပ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသေးပေ။ဂန့်ဂေါမြို့နယ်အတွင်း အခုလို အချုပ်ထောင်ကနေ ထွက်ပြေးလွတ်မြောက်တဲ့ ဖြစ်စဉ် ၃ ကြိမ်ထက်မနည်းရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သူ သုံ့ပန်း ၊ အကျဉ်းသားများ စုစုပေါင်း ၉ ဦးထက်မနည်းရှိပြီးဖြစ်ပါတယ်။