ဖားကန့်တွင် ရေကြီးရေလျှံမှု နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ ဝမ်းရောဂါနဲ့ ငှက်‌ဖျားရောဂါအတွက် ဆေးကုသဖို့ ခက်ခဲနေ

ဩဂုတ် ၊ ၂၁ ၊ ၂၀၂၆။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့မှာ ရေကြီးရေလျှံ မှုနောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားနေပြီး ဆေးကုသဖို့ခက်ခဲနေသူတွေ ရှိနေပါတယ်။
ရေကြီးမှုနဲ့အတူ ကျေးရွာ၊ ရပ်ကွက်အတွင်း စွန့်ပစ်အမှိုက်တွေ ရေစီးနဲ့အတူ မျောပါလာတာကြောင့် သောက်သုံးရေ အဆင်မပြေမှုတွေဖြစ်ပွါးခဲ့ပြီး အခုလို ဝမ်းပျက်ဝမ်းလျှောရခြင်းဖြစ်တယ်လို့သိရပါတယ်။
” ရေကြီးတဲ့ချိန်ကျန်ခဲ့တဲ့အမှိုက်အညစ်အကြေးတွေက မြောင်းတွေထဲမှာကျန်နေတာရယ်။ နေရာစုံ ဒေသစုံကပစ်ထားတဲ့အမှိုက်တွေအကုန် အိမ်တွေ လမ်းမ တွေပေါ်ရောက်ခဲ့တာလေ။ ပြီးတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေသန့်ရောင်းတဲ့ဆိုင်တွေကလည်း ဘယ်ကရေမှန်းမသိဘူး။ တချို့ရေဗူးတွေဆို အကောင်တွေပါပါလာတယ်။ ရောင်းရရင်ပြီးရောဆိုတဲ့စိတ်နဲ့မဟုတ်ဘဲ စေတနာနဲ့လုပ်ပေးသင့်တယ် ” လို့ မြို့မရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဖားကန့်မြို့အတွင်း ကျန်းမာရေးအတွက် ဆေးဝါးမလုံလောက်မှုတွေရှိနေပြီး နယ်မြေမတည်ငြိမ်တာကြောင့် ဆေးကုသဖို့ခက်ခဲနေတဲ့ ဒေသခံပြည်သူများစွာ ရှိနေပါတယ်။
” ဒီမှာဆေးပစ္စည်းက ဈေးကြီးတယ်။ ငှက်ဖျားဖြစ်နေတာသိနေတာတောင်ငှက်ဖျားပိုးစစ်ဖို့ငွေကြေးခက်ခဲတဲ့သူတွေရှိတယ်။ ပရဟိတအဖွဲ့တွေကလည်း ဒီလိုကိစ္စမျိုးတွေကို ကူညီပေးသင့်တယ်။ မိုးတွင်းဆို ဒီရောဂါတွေကဖြစ်နေကြဆို‌ပေမဲ့ ဖြေရှင်းဖို့ ဆေးဖိုးဝါးခက မတတ်နိုင်တဲ့သူအများကြီးပဲ ရှိနေတယ် “လို့ ငှက်ပျောတောရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက ကချင်ပြည်နယ် ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံကာ ကမ်းပါးပြိုကာ အသက်အန္တရာယ်ထိခိုက်မှုတွေ ရှိခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ အခုလို ‌ဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါတွေကို တွေ့ကြုံနေကြရတာဖြစ်ပါတယ်။
သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ

Leave a Reply

Your email address will not be published. Required fields are marked *