⁨မှိုစားပြီး လူပုလေးတွေ မြင်ရတဲ့ ထူးဆန်းဖြစ်ရပ် တရုတ်မှာဖြစ်ပွား

ဩဂုတ်လ – ၁၄ ရက်
မှိုစားသုံးပြီးနောက် လူပုလေးတွေ၊ တိရစ္ဆာန်သေးသေးလေးတွေကို မြင်တွေ့ရတယ်ဆိုတဲ့ ထူးဆန်းတဲ့ အမြင်အာရုံလွဲမှားမှုတွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီဖြစ်ရပ်ရဲ့ အဓိကအကြောင်းရင်းဟာ လန်မောအာ အာရှတီကာ မှို (Lanmaoa asiatica ) လို့ခေါ်တဲ့ မှိုတစ်မျိုးဖြစ်ပြီး ယူနန်ပြည်နယ်အပြင် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ကော်ဒီလဲရာတောင်တန်းဒေသ မှာလည်း ပေါက်ရောက်ကြောင်း BBC Science Focus က ဖော်ပြပါတယ်။
မှိုစားပြီး ဖြစ်ပေါ်လာတဲ့ အမြင်အာရုံလွဲမှားမှုတွေဟာ ပုံမှန်အားဖြင့် ၁ ရက်မှ ၃ ရက်အထိ ကြာနိုင်ပြီး တချို့ဖြစ်ရပ်တွေမှာ တစ်ပတ်အထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
နှစ်စဉ် ဇွန်လကနေ ဩဂုတ်လအတွင်း ယူနန်ပြည်နယ်က ဆေးရုံတွေမှာ ဒီမှိုစားပြီးနောက် မူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်းနဲ့ လူပုလေးပုံစံ သတ္တဝါတွေကို မြင်တွေ့ရခြင်းစတဲ့ လက္ခဏာပြသတဲ့ လူနာရာနဲ့ချီ လာရောက်ကုသကြတယ်လို့ ဆိုပါတယ်။
သုတေသနမှတ်တမ်းတွေအရ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကလည်း အလားတူအခြေအနေဖြစ်ပွားခဲ့သူ ၃၀၀ ခန့်ကို လေ့လာခဲ့ပြီး လူနာတွေဟာ အဝတ်အစားပေါ်မှာ လူပုလေးတွေကို မြင်ရတာ၊ အစားအသောက်ပန်းကန်ပေါ်မှာ မြင်ရတာတွေအပြင် မျက်လုံးမှိတ်ထားချိန်မှာတောင် ပုံရိပ်တွေ ပိုမိုရှင်းလင်းလာတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ဒီမှိုကို သိပ္ပံပညာအရ ၂၀၁၅ ခုနှစ်မှာ DNA စစ်ဆေးမှုနဲ့ သီးခြားမျိုးစိတ်အဖြစ် အတည်ပြုခဲ့တာ ဖြစ်ပြီး ပုံမှန်စားသုံးကြတဲ့ ပေါ်စီနီမှို (porcini) နဲ့ ပိုမိုနီးစပ်ကြောင်း သိရပါတယ်။
သိပ္ပံပညာရှင်တွေကတော့ “လူပုလေးတွေကို တကယ်မြင်ရတာ” မဟုတ်ဘဲ မှိုထဲက မသိရှိရသေးတဲ့ ဓာတုပစ္စည်းတစ်မျိုးကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံလွဲမှားမှု ဖြစ်နိုင်ကြောင်း ဆိုကြပါတယ်။
ကိုးကား – BBC
ဓါတ်ပုံ – Colin Domnauer⁩

Leave a Reply

Your email address will not be published. Required fields are marked *