ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အစိုးရရုံးရှေ့မှာ P-Move လို့ခေါ်တဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းပေါ်ပေါက်ရေး လှုပ်ရှားမှုအဖွဲ့၊မြောက်ပိုင်းတောင်သူလယ်သမားများအဖွဲ့ နဲ့ ထိုင်းမြေယာပြုပြင်ပြောင်းလဲရေး ကွန်ရက်တို့က ပူးပေါင်းပြီး ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ဆန္ဒပြမှုတွေ ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာကြပါတယ်။
အဓိက တောင်းဆိုနေတာကတော့ ဆင်းရဲသား တောင်သူတွေ၊ မြေယာမဲ့တွေအတွက် အဓိကအားထားရတဲ့ မြေယာဘဏ် ဖျက်သိမ်းမယ့် အစီအစဉ် ရပ်တန့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ထိုင်းအစိုးရက လာမယ့် ၂၀၂၆ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဒီမြေယာဘဏ်ကို အပြီးတိုင်ဖျက်သိမ်းဖို့ လုပ်နေတာပါ။ ပြည်သူတွေဘက်ကတော့ ဒီအဖွဲ့အစည်းကိုသာ ဖျက်လိုက်ရင် အခြေခံလူတန်းစားတွေရဲ့ မြေယာပိုင်ဆိုင်ခွင့် ပျောက်ဆုံးသွားပြီး ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ ကွာဟချက်တွေ ပိုကြီးလာမယ်လို့ ထောက်ပြနေကြပါတယ်။
မြေယာဘဏ်ကို လာမယ့် ၂၀၂၆ စက်တင်ဘာလမှာ အပြီးတိုင်ဖျက်သိမ်းမယ့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်ကတည်းက တောင်သူတွေဘက်က စတင်လှုပ်ရှားလာခဲ့တာပါ။ အစပိုင်းမှာ မြောက်ပိုင်း ၇ ခရိုင်က တောင်သူတွေစုပေါင်းပြီး ဝန်ကြီးချုပ်ဆီ စာတင်တောင်းဆိုတာတွေ လုပ်ခဲ့ပေမယ့် တိကျတဲ့အဖြေမရတဲ့အတွက် ဩဂုတ်လဆန်းမှာ ဘန်ကောက်အထိ ဆင်းလာပြီး အခုလို ဆန္ဒပြလာကြတာ ဖြစ်ပါတယ်
အစောပိုင်းမှာ မြောက်ပိုင်းရိုးရာဆုတောင်းပွဲတွေနဲ့ အစိုးရရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြရာမှ ဩဂုတ် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာတော့ အစိုးရရုံးရှေ့က ဖစ်ဆနူလောက် လမ်းမပေါ်မှာ သပိတ်စခန်းဖွင့်ပြီး အဆုံးအဖြတ်မရမချင်း ဆန္ဒပြဖို့ လုပ်လာကြလို့ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းတွေပိတ်ပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေပါ ချထားရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ခုလိုလှုပ်ရှားမှုမှာ လူထုဘက်က အဓိကတောင်းဆိုးကြတာကတော့ မြေယာဘဏ် ဖျက်သိမ်းမယ့်ကိစ္စကို အနည်းဆုံး ၁ နှစ်လောက် နောက်ဆုတ်ပေးဖို့ ၊ အဲ့ဒီမြေယာဘဏ် စီမံခန့်ခွဲရေးအဖွဲ့မှာ သာမန်ပြည်သူတွေ ပါဝင်ခွင့်ရအောင် ဥပဒေပြင်ပေးဖို့ နဲ့ တောထဲတောင်ထဲ နေထိုင်တဲ့ ရွာသားတွေကို ရာဇဝတ်ကောင်တွေလို ဖြစ်စေတဲ့ ၂၀၁၉ သစ်တောနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေတွေကို အကြီးစား ပြင်ဆင်ပေးဖို့ ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒီကိစ္စကို ဩဂုတ် ၄ ရက်နေ့က ဒု-ဝန်ကြီးချုပ် ဆုန်ဆက် (Songsak Thongsri) နဲ့ ၅ နာရီကြာအောင် ဆွေးနွေးခဲ့ပေမယ့် အစိုးရအဖွဲ့ အစည်းအဝေးကို တင်ပြနိုင်တဲ့အထိ သဘောတူညီချက် မရခဲ့ပါဘူး။
ဆန္ဒပြပွဲတွေ အရှိန်မလျော့သွားတဲ့အတွက် ဩဂုတ်လ ၅ ရက်နေ့မှာ ဝန်ကြီးချုပ် အနုတင်က အမျိုးသားမြေယာမူဝါဒကော်မတီကို လူထုပိုင်မြေဂရန်တွေ တစ်လအတွင်း အမြန်ချပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြပြည်သူတွေကတော့ ဒါဟာ မလုံလောက်ဘူး၊ အစိုးရအဖွဲ့တစ်ခုလုံးက မြေယာဘဏ်ကို ဆက်ထားပါမယ်ဆိုတဲ့ တရားဝင် ဥပဒေထုတ်ပြန်ပေးမှသာ ကျေနပ်မယ်ဆိုပြီး သပိတ်စခန်းကို ဆက်ဖွင့်ထားကြပါတယ်။
ဒီကနေ့ ဩဂုတ် ၁၁ ရက် မှာတော့ ဆန္ဒပြမှုတွေဟာ ပိုပြီး ပြင်းထန်လာပါတယ်။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် အနုတင်နဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေကို မျက်နှာချင်းဆိုင်တွေ့ပြီး ချက်ချင်း အဖြေပေးဖို့ ဖိအားပေး ရှာဖွေနေကြပါတယ်။ တစ်ဖက်မှာလည်း အစိုးရရှေ့နေတွေက တားမြစ်နယ်မြေထဲ ဝင်ရောက်ဆန္ဒပြတယ်ဆိုပြီး P-Move အဖွဲ့ဝင် တချို့ကို ငြိမ်းစုစီ ဥပဒေတွေနဲ့အညီ တရားစွဲဆိုတာတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။