ဖားကန့်တွင် စစ်တပ်က ဂိတ်ချစစ်ဆေးမှုတွေအထဲ ရခိုင်လူမျိုးတွေကိုအဓိကထားစစ်ဆေးနေ။

ဩဂုတ် ၊ ၁၁ ၊ ၂၀၂၆။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့မှာ စစ်ကော်မရှင်တပ်က လမ်းသွားလမ်းလာ‌ ဒေသခံပြည်သူတွေကို အတင်းကြပ် စစ်ဆေးတာတွေလုပ်နေပြီး ငွေကြေးတောင်းခံမှုတွေလည်း ရှိနေတယ်လို့သိရပါတယ်။
ဆန်းကြွယ်ကျေးရွာဘုန်းကြီးကျောင်းထိပ် စစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရခိုင်လူမျိုးတွေကို အဓိကထားစစ်ဆေးမှုပြုလုပ်နေတာပါ။
” ဘာလူမျိုးလဲလို့ အရင်မေးတယ်။ ရခိုင်စကားသံဝဲတာနဲ့ ခေါ်ပြီးစစ်‌‌တယ်။ စစ်ဆေးတဲ့ထဲပြည်သူ့စစ်တွေလည်းပါတယ်။ ဒီချိန်က ဘယ်သွားသွား တန်းဖိုရှိပစ္စည်းတွေ ယူမသွားတာ ကောင်းတယ် ” လို့ ဆိပ်မူကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအထိုင်ချထားတဲ့ နမ္မဖြစ် ကျေးရွာ ပန်းတင်တံတားထိပ်၊ မရှီကထောင်ရပ်ကွက် ဥရုရတနာ ကျောက်စိမ်းတောင် တံတားထိပ် နဲ့ ဆန်းကြွယ် ကျေးရွာဘုန်းကြီး ကျောင်းထိပ်တို့မှာ ဖုန်း ၊ ဆိုင်ကယ် ၊ကား စစ်ဆေးမှု ပြုလုပ်နေတာပါ။
” ဆိုင်ကယ်တူးဘောက်တွေ လှန်စစ်တယ်။ ကျောက်ပါရင်ကျောက်ကိုသိမ်းတယ်။ ပြီးမှ ပိုက်ဆံပြန် တောင်းတယ်။အဲ့တာမှ ကျောက်ပြန် ပေးတာ။ ဒီကောင်တွေက တာဝန်အရစစ်ဆေးတာမဟုတ်တော့ဘူး။ ပြည်သူတွေဆီက ပိုက်ဆံညှစ် နေတာဖြစ်နေပြီ “လို့ လုံးခင်း ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။
လွန်ခဲ့တဲ့ မေလ ၁၂ ရက်နေ့ကလည်း မရှီကထောင်ရပ်ကွက် ဥရုရတနာ ကျောက်စိမ်းတောင်တံတားထိပ်စစ် ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုပြုလုပ်နေချိန် ကချင်လွတ်လပ် ရေးတပ်မတော် KIA ကဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ

Leave a Reply

Your email address will not be published. Required fields are marked *