စစ်ကောင်စီ ဗဟိုဘဏ် ဘယ်ရောက်နေပါသလဲ

ဧရာဝတီဘဏ်နှင့်ပတ်သက်သည့် သုံးစွဲသူတွေရဲ့ဒေတာတွေကိုဟက်ကာအဖွဲ့က ထုတ်ပြန်ချက်များနှင့် ဧရာဝတီဘဏ်ဘက်မှ ရှင်းလင်းချက်များကြားတွင် ပြည်သူများ၏ စိုးရိမ်မှုများ မြင့်တက်နေချိန်မှာ မေးခွန်းတစ်ခုက ပိုပြီး ထင်ရှားလာသည်။

ဘဏ်တစ်ခု၏ လုံခြုံရေးပြဿနာသည် ဘဏ်တစ်ခုတည်း၏ ပြဿနာ မဟုတ်ပဲ ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သည့် ပြဿနာ ဖြစ်သည်။ အထူးသဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ၊ ငွေကြေးဆိုင်ရာ လုံခြုံရေးများနှင့် ပတ်သက်လာသည့်အခါ ပို၍ အရေးကြီးလာသည်။ ဒီလိုအခြေအနေမျိုးတွင် လူတွေ လိုချင်တာက ကောလာဟလတွေကြားမှ တာဝန်ရှိသူတွေရဲ့ တိကျတဲ့ အဖြေတွေ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီးလား။ ပြည်သူတွေ စိုးရိမ်နေတဲ့ အချက်တွေကို ဘယ်လို ကိုင်တွယ်နေသလဲ။ ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံးရဲ့ ဆိုက်ဘာလုံခြုံရေးအခြေအနေကို ဘယ်လို သုံးသပ်ထားပါသလဲဆိုတဲ့မေးခွန်းတွေဟာ ဗဟိုဘဏ် ဖြေရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ယနေ့အချိန်အထိ စစ်ကောင်စီ ဗဟိုဘဏ်က ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပြည်သူတွေ စိတ်ချမ်းသာအောင် တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။

ဗဟိုဘဏ်ဆိုတာ ငွေကြေးမူဝါဒ ထုတ်တဲ့ အဖွဲ့အစည်းတစ်ခုတည်း မဟုတ်ပဲ နိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ကို ကြီးကြပ်ရတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံများတွင် ဗဟိုဘဏ် (Central Bank) သည် လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တာဝန်ယူမှု (Responsibility) နှင့် တာဝန်ခံမှု (Accountability) ကိုလည်း ပြည့်စုံစွာ လိုက်နာရပါသည်။
ဗဟိုဘဏ်၏ တာဝန်ယူမှု (Responsibility)
1. ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း
o ငွေဖောင်းပွမှု (Inflation) ကို ထိန်းချုပ်ပြီး ငွေတန်ဖိုးတည်ငြိမ်အောင် ဆောင်ရွက်ခြင်း။
2. ငွေကြေးမူဝါဒ ချမှတ်အကောင်အထည်ဖော်ခြင်း
o အတိုးနှုန်းသတ်မှတ်ခြင်း၊ ငွေကြေးပမာဏကို ထိန်းညှိခြင်းတို့ဖြင့် စီးပွားရေးတည်ငြိမ်စေရန် ဆောင်ရွက်ခြင်း။
3. ဘဏ်စနစ် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း
o စီးပွားရေးဘဏ်များကို ကြီးကြပ်ကွပ်ကဲပြီး ဘဏ္ဍာရေးစနစ် လုံခြုံမှုကို ထိန်းသိမ်းခြင်း။
4. ငွေပေးချေမှုစနစ်ကို စီမံခန့်ခွဲခြင်း
o ပြည်တွင်း ငွေလွှဲ၊ ငွေပေးချေမှုစနစ်များကို လုံခြုံထိရောက်စွာ လည်ပတ်စေခြင်း။
5. နိုင်ငံခြားငွေ အရန်ငွေ (Foreign Reserves) ကို စီမံခန့်ခွဲခြင်း
o နိုင်ငံ၏ နိုင်ငံခြားငွေအရန်ကို ထိရောက်စွာ စီမံအုပ်ချုပ်ခြင်း။
ဗဟိုဘဏ်၏ တာဝန်ခံမှု (Accountability)
1. လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း
o ငွေကြေးမူဝါဒနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပုံမှန် အစီရင်ခံတင်ပြရသည်။
2. ပြည်သူသို့ ပွင့်လင်းမြင်သာစွာ အသိပေးခြင်း
o ငွေကြေးမူဝါဒ ဆုံးဖြတ်ချက်များ၊ စီးပွားရေးအခြေအနေများနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ထုတ်ပြန်ပေးခြင်း။
3. ဥပဒေကို လိုက်နာခြင်း
o ဗဟိုဘဏ်ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများအတိုင်း ဆောင်ရွက်ရခြင်း။
4. လွတ်လပ်သော စာရင်းစစ်ဆေးမှု ခံယူခြင်း
o ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများကို လွတ်လပ်သော စာရင်းစစ်အဖွဲ့များမှ စစ်ဆေးခံရခြင်း။
5. ဆုံးဖြတ်ချက်များအတွက် အကြောင်းပြချက်ပေးခြင်း
o အတိုးနှုန်းပြောင်းလဲခြင်းကဲ့သို့သော အရေးကြီးဆုံးဖြတ်ချက်များအတွက် အများပြည်သူနားလည်နိုင်သော ရှင်းလင်းချက်များ ထုတ်ပြန်ပေးခြင်း။
အနှစ်ချုပ်လိုက်ရင် ဒီမိုကရေစီနိုင်ငံများတွင် ဗဟိုဘဏ်သည် နိုင်ငံရေးဖိအားများမှ အတော်အတန် လွတ်လပ်စွာ လုပ်ကိုင်နိုင်ရမည် ဖြစ်သော်လည်း၊ လွှတ်တော်၊ ဥပဒေ၊ ပြည်သူလူထုတို့အပေါ် တာဝန်ခံမှုရှိရမည် ဖြစ်သည်။ ထို့ကြောင့် “လွတ်လပ်မှု (Independence) နှင့် တာဝန်ခံမှု (Accountability) ကို ဟန်ချက်ညီစွာ ထိန်းသိမ်းခြင်း” သည် ဒီမိုကရေစီနိုင်ငံများရှိ ဗဟိုဘဏ်များ၏ အရေးကြီးဆုံး အုပ်ချုပ်မှုအခြေခံမူတစ်ရပ်ဖြစ်သည်။

ဘဏ်တစ်ခုမှာ ယုံကြည်မှုဟာ အဓိက ဖြစ်ပါတယ်။ လူတွေက ဘဏ်မှာ ပိုက်ဆံအပ်တာဟာ ဘဏ်အဆောက်အဦးကို ယုံကြည်လို့ မဟုတ်ပဲ စနစ်တစ်ခုလုံးကို ယုံကြည်လို့ ဖြစ်ပါတယ်။

အဲဒီယုံကြည်မှု လှုပ်ခတ်နေတဲ့အချိန်မှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းက နှုတ်ဆိတ်နေရင် တာဝန်ရှိတဲ့ အဖွဲ့အစည်းက ဘယ်ရောက်နေလဲ ဆိုတာက အခုအချိန်မှာ ပိုပြီး အရေးကြီးတဲ့ မေးခွန်း ဖြစ်လာနေတယ်။

ဧရာဝတီဘဏ် ဖြစ်ရပ်မှာ တာဝန်ယူရမယ့် အဓိက အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီ ဗဟိုဘဏ်က ဘယ်လောက်အထိ တာဝန်ယူပါသလဲ။ ပြည်သူတွေကို ယနေ့အချိန် လူလုံးထွက်မပြတာသည် စစ်ကောင်စီ ဗဟိုဘဏ် ဘယ်ရောက်နေပါသလဲ။

Leave a Reply

Your email address will not be published. Required fields are marked *