ဇွန်လ – ၄ ရက်
နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ ကမ္ဘောဒီးယား နဲ့ ထိုင်းနိုင်ငံ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ဖြေရှင်းနိုင်ဖို့အတွက် ကုလသမဂ္ဂ ပံ့ပိုးထားတဲ့ နိုင်ငံတကာ ညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို စတင်လိုက်ကြောင်း ဇွန် ၂ ရက်တွင် ကြေညာခဲ့ပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ ကုလသမဂ္ဂ ပင်လယ်ဥပဒေသဘောတူစာချုပ် (UNCLOS) အရ “Compulsory Conciliation” လို့ခေါ်တဲ့ ညှိနှိုင်းဖြေရှင်းရေး စနစ်ဖြစ်ပြီး ကမ္ဘောဒီးယားအစိုးရက ကုလသမဂ္ဂနှင့် ထိုင်းအစိုးရထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရပါတယ်။
အခုဆောင်ရွက်မှုမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပင်လယ်ဆိုင်ရာ အခွင့်အရေးတွေကို နိုင်ငံတကာဥပဒေအရ ကာကွယ်ဖို့ ရည်ရွယ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။
အငြင်းပွားနေတဲ့ ဧရိယာမှာ ထိုင်းပင်လယ်ကွေ့အတွင်းရှိ နယ်မြေဖြစ်ပြီး သဘာဝဓာတ်ငွေ့နဲ့ ရေနံအရင်းအမြစ် အများအပြား တည်ရှိနိုင်ကြောင်း ခန့်မှန်းထားကြပြီး ဧရိယာရဲ့ စီးပွားရေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့်အထိ ရှိနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
အခုအရေးကိစ္စဟာ ထိုင်းအစိုးရက ၂၀၀၁ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ပူးတွဲစွမ်းအင်ရှာဖွေရေး သဘောတူညီချက်ကို မေလအတွင်း တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့တာပါ။
ထိုင်းဝန်ကြီးချုပ်က ကမ္ဘောဒီးယားရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အသေးစိတ် မသိရှိသေးကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် နောက်တစ်ဆင့် ဆောင်ရွက်မယ့် အစီအစဉ်တွေကို မဆုံးဖြတ်ရသေးကြောင်း ပြောဆိုခဲ့ပါတယ်။
ကိုးကား – reuters
ဓါတ်ပုံ – reuters
ကမ္ဘောဒီးယား၊ ထိုင်းပင်လယ်နယ်နိမိတ်အငြင်းပွားမှု ဖြေရှင်းဖို့ စတင်