လောင်းလုံးမြို့ပေါ်တိုက်ပွဲမှာ အရပ်သားထိခိုက်မှု ရှိ


By – မင်းလူ
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု ရှိနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
မနေ့ မေလ ၁ ရက် မနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း လောင်းလုံးမြို့ပေါ်ရှိ လူနေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာမှာ အရပ်သားတွေ ထိခိုက်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတဦးက prm ကို ပြောပါတယ်။
“မနက်ပိုင်းစဖြစ်တာ နေ့လယ်လောက်မှာ ငြိမ်သွားတယ်၊ သူပစ်ကိုယ်ပစ်ဆိုတော့ ဘယ်သူပစ်လို့ ထိသွားတာတော့ မသိဘူးပေါ့နော်၊ အိမ်တွေလည်း ထိတယ်၊ နှစ်ယောက်ထိတယ်ကြားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ဆယ်ကျော်သက်အရွယ်ကလေးတဦးနဲ့ သက်ကြီးပိုင်းအမျိုးသားတဦးတို့ဟာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုတို့ သူတို့နှစ်ဦးဟာ ဆေးကုသမှုခံယူနေရပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဒေသတွင်း လှုပ်ရှားနေတဲ့ အဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လောင်းလုံးမြို့ပေါ်ကို စစ်တပ်က အင်အားဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ထပ်မံဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ တတိယအပတ်ကတည်းက လောင်းလုံးမြို့နယ်အောက်ပိုင်းကျေးရွာတလျှောက်ကို စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ နေအိမ်မီးရှို့တာ၊ ဒေသခံတွေဖမ်းဆီးတာအပြင် လူသားဒိုင်းအဖြစ် အသုံးပြုနေ တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – moi
ပုံစာ – လောင်းလုံးမြို့မှာ ကိုဗစ်ရောဂါကာကွယ်ရေး mask ဝေနေစဉ်(ပုံဟောင်း)

Leave a Reply

Your email address will not be published. Required fields are marked *