ထိုင်း-မြန်မာချစ်ကြည်ရေးတံတား(၂) ထိုင်းဘက်က အစမ်းပြန်ဖွင့်ပြီး မြဝတီဘက်ကပြောင်းဖူးစေ့ သယ်ယူ
By_People’s Radio Myanmar
Date-May 28,2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို မေလ၂၈ရက်၊ဒီကနေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံဘက်အခြမ်းမှာ အစမ်းပြန်ဖွင့်ပြီး မြဝတီမြို့ဘက်က ပြောင်းဖူးစေ့ သယ်ယူတာကို စမ်းသပ်လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်ကို မြန်မာပြောင်းဆံတင်ပို့တဲ့ကုန်သည်က PRM ကို ပြောပါတယ်။
ကုန်သွယ်ရေးတံတားအမှတ် (၂)ကို ထိုင်းအာဏာပိုင်တွေ က ထိုင်းကုန်ကားသမားတွေ မြန်မာဘက်က ပြောင်းဖူးစေ့ တင်သွင်းလာတဲ့အပေါ် တံတားလုပ်ငန်း အစမ်းဖွင့်လှစ်ပြီး သယ်ယူမှုစတင်လုပ်ကြည့်တဲ့သဘောသာရှိသေးတယ်လို့ မြန်မာကုန်သည်ကပြောပါတယ်။
“ဒီနေ့ အစမ်းဖွင့်တာ တစ်ခြားကုန်စည်တော့ သိပ်မတွေ့သေးဘူး ။ပြောင်းဖူးစေ့တော့ ဝယ်လာတယ်။မြန်မာပြည်ဘက်ကနေ၊ဒီနေ့သူတို့အစမ်းဖွင့်ကြတာ၊ကျန်တဲ့ကုန်စည်တွေက License မပေးဘူးလို့ပြောတယ်။ ထိုင်းဘက်ကနေ ဒီကသွားမယ့်ဟာကို မြန်မာပြည်က import လိုင်စင်မပေးဘူး၊ ပြီးရင် export လိုင်စင်ကလဲ ကန့်သတ်ထားတယ်၊အရင်ကလိုပြန်ဖွင့်ပြီးတော့ ဝေါဝေါဒိုင်းဒိုင်းအုံးအုံးကျွတ်ကျွတ်တော့မဟုတ်ဘူး” လို့ မြန်မာပြောင်းဆံတင်သွင်းတဲ့ကုန်သည်က ပြောပါတယ် ။
အခုလို တံတား(၂)ပြန်ဖွင့်တဲ့သတင်းဖြစ်ပေါ် နေပေမယ့် မြန်မာ၊ထိုင်း နှစ်နိုင်ငံစလုံးမှာ ကုန်သွယ်ရေးလုပ်ငန်းဆိုင်ရာ ကုန်စည်တင်သွင်းခွင့်၊ တင်ပို့ခွင့် လိုင်စင်တွေအတွက် လိုင်စင်ချပေးတာမျိုးနှစ်ဘက်စလုံးမှာမရှိသေးဘူးလို့လည်း သိရပါတယ်။
” တံတားကို ထိုင်းဘက်က ဖွင့်ပြတာပါ၊မြန်မာဘက်မှာ သွင်းကုန် ကန့်သတ်ထားတော့ ဘာမှသွင်းလို့မရဘူး၊လိုင်စင်မပေးဘူး။ထိုင်းဘက် ပို့ကုန်ကျပြန်တော့လည်း ထိုင်းဘက်က ဝင်ခွင့် မပေးသေးဘူး။အခုတံတားဖွင့်တဲ့အချိန် ကုန်တွေ သွားတာက အရင်တံတားမပိတ်ခင်က ဂျူတီသွင်းခွင့်ကျန်တဲ့ကုန်တွေကိုပေးဖြတ်တာမျိုးလုပ်ပြတဲ့အခြေအနေဘဲရှိနေသေးတယ်လို့ ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း(အေးဂျင့် )လုပ်ကိုင်သူကပြောပါတယ်။
အဲဒီ မြဝတီ-မဲဆောက်တံတား(၂)ကို ပြီးခဲ့တဲ့၂၀၂၅ခုနှစ်ဩဂုတ်လ(၁၈)ရက်က စစ်အုပ်စုနဲ့ KNLA မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်လို့ တံတားပိတ်ထားခဲ့ရာကနေ အခု မေလ ၂၈ရက်မှာ ထိုင်းဘက်က အစမ်းပြန်ဖွင့်ပြီး တံတားကုန်သွယ် ရေးလုပ်ငန်း ပြန်စလုပ်ကြည့်တာလို့ သိရပါတယ်။
အခုလို အစမ်းပြန်ဖွင့်ရာကနေ နှစ်နိုင်ငံထုတ်ကုန်၊သွင်းကုန်လိုင်စင်တွေ ပြန်ခွင့်ပြုတာမျိုးမရှိသေးပါက လတ်တလောကာလအတွင်းကျင့်သုံးနေတဲ့ အောက်ဂိတ်၊(ကရင်လက်နက်ကိုင်ဂိတ်)တွေဘက်ကသာ တင်သွင်းတာ၊တင်ပို့တာကို ဆက်လုပ်နေရမယ့်သဘောဆက်ရှိနေမယ်လို့ နယ်စပ်ကုန်သယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။