မြိုင်မြု့နယ်ထဲက သရက်ကန်ရွာသား ၄၉ ဦးကို တော်လှန်ရေးရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့

မြိုင်မြု့နယ်ထဲက သရက်ကန်ရွာသား ၄၉ ဦးကို တော်လှန်ရေးရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့
May 25 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေက “တမာမြေ စစ်ဆင်ရေး” ဆိုပြီး တိုက်ခိုက်နိုင်ခဲ့ရာ ရွာထဲက ကလေးနဲ့အမျိုးသမီးအပါအဝင် ၄၉ ဦးတို့ကို ကယ်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၂ ရက်နေ့မှာ မြိုင်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးအမာခံတွေရှိတဲ့ သရက်ကန်ရွာကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသတွင်းမဟာမိတ်တော်လှန်ရေးရဲဘော် တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ မေလ ၂၅ ရက် ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
အဲဒီရွာထဲမှာ ပျူစောထီးတွေရဲ့ဖိနှိပ်မှုဒဏ်တွေကို ၅ နှစ်ကျော်ကြာအထိခံခဲ့ကြရတဲ့ ကလေးနဲ့အမျိုးသမီး အပါအဝင် ရွာသား ၄၉ ဦးတို့ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ပြောပါတယ်။
“သရက်ကန်ရွာက ပျူရွာဟုတ်တယ်၊ ၄၉ ယောက်ဆိုတာက အဲဒီရွာမှာနေထိုင်တဲ့ ပြည်သူတွေပေါ့နော်၊ သူတို့ကိုကယ်ထုတ်ပြီးတော့ ဆေးဝါးကုသမှုနဲ့ သူတို့ကိုလုံခြုံမှုတွေပေးထားတယ်။”
တိုက်ပွဲဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်တပ်ဖက်က လေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ ထက်မနည်း ပစ် ကူပေးခုခံခဲ့ကြပေမယ့် မဟာမိတ်ရဲဘော်တွေက မေလ ၂၃ ရက် မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ အဲဒီရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ထိခိုက်မှုတွေက ကျွန်တော်တို့ဖက်က ရဲဘော် ၂ ယောက်ကျပြီးတော့ ရဲဘော် ၄ ယောက်ထက်မနည်း ဒဏ်ရာရတယ်ပေါ့နော်၊ ဒဏ်ရာရတဲ့သူတွေကတော့ ဒဏ်ရာမပြင်းထန်ဘူးပေါ့၊ (ခွေး) ဖက်ထိခိုက်မှုက တော့ သူတို့ဖက်ကလည်းထိခိုက်တဲ့သူတွေ ပြန်ပြီးတော့သယ်သွားတာ၊ ဆုတ်သွားတာဆိုတော့ မိုးတွေ ကလည်းရွာတယ်၊ အတိအကျကြီးတော့ မသိနိုင်ဘူးဖြစ်သွားရတာပေါ့” လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ၆ လက်၊ လက်လုပ်သေနတ် ၁ လက်တို့နဲ့အတူ တခြားလက်နက်ခဲယမ်းတွေ ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ဒေသတွင်းစစ်ရေးပြင်းထန်လာနိုင်တဲ့အတွက် သရက်ကန်ရွာကို အိမ်ပေါက်စေ့၊ လမ်း တိုင်းအပြည့်တွေမှာ တိုက်မိုင်း၊ နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *