အောင်ပန်းမှာ စလော့ဂိမ်းရှုံးသူ တစ်ဦး ကိုယ့်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်

By – ချယ်ရီနွေဦး

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ ဒီနေ့ (ဇူလိုင် ၃) မနက် ၆ နာရီခန့်က အမျိုးသားတစ်ဦးဟာ ကားမိုးကာ ချည်တဲ့နိုင်လွန်ကြိုးနဲ့ ဆွဲကြိုးချပြီး ကိုယ့်ကိုယ်အဆုံးစီရင်သွားတယ်လို့ ဒေသတွင်း ကုန်ကားမောင်းနှင်သူတွေက ပြောပါတယ်။

အောင်ပန်းမြို့၊ အောင်ပန်း – ကလောလမ်းခွဲ၊ တိုးဂိတ်အနီးမှာ ရပ်ထားတဲ့ ကုန်ကားတစ်စီးပေါ်မှာ ဆွဲကြိုးချသေဆုံးခဲ့တာဖြစ်ပြီး ရှမ်းပြည်အတွင်း ကုန်ကား မောင်းနှင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ယာဉ်မောင်းဟာ ဒီနေ့ မနက် ၂ နာရီကတည်းက စလော့ငါးပစ်ဂိမ်း ကစားနေခဲ့ရာ တညတည်း ငွေကျပ် သိန်း(၁၅၀)ရှုံးသွားတဲ့အတွက် လုပ်အားခရှင်းပေးရမရှိတော့တဲ့အတွက် မနက် ၆ နာရီခန့်မှာ အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ကုန်ကားလောကနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“တွေ့တော့ လူက မျက်လုံးကြီးပြူးပြီး လျှာထွက်နေပြီ။ တော်တော်လေးကို စိတ်မချမ်းမြေ့စရာ ကောင်းပါတယ်။ ညကတည်းက တစ်ညလုံး ထိုင်ဆဲနေတယ် ပြောတာပဲ။ ဂိမ်းရှုံးတာပေါ့။ မနေ့ညတော့ ဘယ်လောက်ရှုံးလဲ မသိပေမယ့် သူ(သေဆုံးသူ)ရှုံးနေတာ တော်တော်များနေပါပြီ။ ဂိမ်းအတွက်နဲ့ ဘဝရင်းကြတာ စိတ်မကောင်းစရာပဲဗျာ့။ ကားလောကမှာ စလော့ဂိမ်း စွဲသူတွေ တအားများလာပြီ” လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို အောင်ပန်း နာရေးကူညီမှုအသင်းရဲ့ အစီစဉ်နဲ့ ကလောပြည်သူ့ဆေးရုံကြီးဆီကို လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ဓမ္မတာအတိုင်း ဟုတ်/မဟုတ် သေမှုသေခင်း စစ်ဆေးပြီးရင်တော့ လာမယ့် ရက်ပိုင်းအတွင်း သဂြိုဟ်သွားမယ်လို့ သိရပါတယ်။

မြန်မနိုင်ငံအဝှမ်း စလော့ဂိမ်းစွဲသူ အမြောက်အမြား ရှိနေပြီး အခု ကားလောကကိုပါ ကူးစက်လာတာကြောင့် ယာဉ်မောင်း၊ စပါယ်ယာတွေအနေနဲ့ သတိထားဆော့ကစားကြဖို့ စလော့ဂိမ်းကနေ ရုန်းထွက်လာနိုင်တဲ့ ယာဉ်မောင်း တစ်ဦးက သတိပေးထားပါတယ်။

အောင်ပန်းမြို့မှာ ပိုင်ရှင်မဲ့ အလောင်း အပါအဝင် ကိုယ့်ကိုယ် အဆုံးစီရင်သူတွေရဲ့ သေဆုံးနှုန်းအရ တစ်လပျှမ်းမျှ တစ်ဦးနှုန်း ရှိနေပြီး လူသတ်မှု ဓါးထိုးမှုလိုမျိုး တခြား ရာဇဝတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေကြတယ်လို့ မြို့ခံတွေက ပြောဆိုထားပါတယ်။

ဓါတ်ပုံ – ပေးပို့

Leave a Reply

Your email address will not be published. Required fields are marked *