ကရင်ပြည်နယ်လို့ပြောလိုက်တာ နဲ့ လှပတဲ့သဘာဝရှုခင်းတွေ ၊ သမိုင်းဝင်ဘုရားတွေ ၊ ထုံးကျောက် တောင် တွေ ၊ ဇွဲကပင်တောင် နဲ့ သဘာဝအတိုင်းလှပတဲ့ ကရင်မလေးတွေကို မြင်တွေ့ကြရမှာ ပဲဖြစ်ပါ တယ်။ အဲဒီ သဘာဝအတိုင်းလှပတဲ့လူတွေထဲမှာ မပန်းမွှေးတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။
မပန်းမွှေးဟာ ကရင်ပြည်နယ် လွန်းညကျေးရွာ (ရွာအမည်လွှဲ)မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ မောင်နှစ်မ ၃ ယောက်ထဲမှာ အကြီးဆုံးသမီးဖြစ်ပြီး Grade 12 ကျောင်းသူတစ်ဦးပါ။ သူမရဲ့မိသားစုက အဆင်မပြေတာကြောင့် မပန်းမွှေးဟာ ကျောင်းပိတ်တဲ့ရက်တွေမှာ ဆွေမျိုးတွေဆီ အလုပ်သွားရောက်လုပ်ကိုင်လေ့ရှိပါတယ်။
ဆွေမျိုးတွေဆီကနေ အလုပ်လုပ်လို့ရလာတဲ့ ပိုက်ဆံတွေထဲကတစ်ချို့ကို မိဘတွေဆီအပ်နှံပြီး၊ တစ်ချို့ ကိုတော့ ကျောင်းများပြန်လည်ဖွင့်ချိန်မှာ အဖြူအစိမ်းနဲ့ ကျောင်းသုံးကိရိယာ များဝယ်ယူနိုင်ဖို့အတွက် စုဗူးထဲမှာ စုထားလေ့ရှိပါတယ်။ မပန်းမွှေးဟာ ကျောင်းတက်ရတာကို ခုံမင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လဆန်းပိုင်းလောက်မှာတော့ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့တာကြောင့် မပန်းမွှေးဟာသူငယ်ချင်းတွေနဲ့ အတူကျောင်းကို ပျော်ပျော်ပါးပါးသွားခဲ့ပါတယ်။ မပန်းမွှေးဟာ အဖြူအစိမ်းဝတ်ရတာကို အရမ်းသဘောကျတဲ့အတွက် ကျောင်းပြီးတဲ့အခါ ကျောင်းဆရာမလုပ်မယ် လို့လည်း သူငယ်ချင်းတွေကြားအမြဲပြောလေ့ရှိပါတယ်။
“ကျောင်းဆရာမကို အရမ်းဝါသနာပါတာ၊ သူငယ်ချင်းတွေကိုလည်း အရမ်းဆရာလုပ်လွန်းလို့ သူငယ်ချင်းတွေက သမီးကို ဆရာမကြီးလို့ခေါ်ရင် အရမ်းပျော်တာ၊ ကျောင်းမှာ ဆရာမတွေက ကိုယ့်ရဲ့ဝါသနာကို မေးတဲ့အခါတိုင်း ဆရာမတို့လို ကျောင်းဆရာမလုပ်မယ်၊ သမီးက ဆင်းရဲပြီး ကျောင်းမတက်နိုင်တဲ့သူတွေကို အလကားစာသင်ချင်တာ နောက်ပြီး ဆရာမဖြစ်ခဲ့ရင် မြို့ပေါ်တွေမှာ စာမသင်ဘူး၊ ရွာတွေဘက်ကိုဆင်းပြီး စာသင်မယ်လို့ သမီးအမြဲတွေးခဲ့တာ”လို့ မပန်းမွေးက အဲဒီအချိန်တွေကို ပြန်ပြောပါတယ်။
မပန်းမွှေးတို့ သူငယ်ချင်းအုပ်စုဟာ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်နေရင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ မင်းအောင်လှိုင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နဲ့ အစိုးရခေါင်းဆောင်တစ်ချို့ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။
အခုလို အာဏာသိမ်းမှုဖြစ်ပွားခဲ့ပေမယ့်လည်း မပန်းမွှေးဟာ အဲဒီဖြစ်ရပ်မျိုးကို မကြုံဖူးတာကြောင့် အချိန်တစ်ခုရောက်တဲ့အခါ ပြီးဆုံးသွားမှာတာဖြစ်တယ်လို့ ထင်မှတ်ခဲ့ပါတယ်။ ဒါ့ပေမယ့် အဲဒီအာဏာ သိမ်းမှု ဖြစ်စဉ်ဟာ သူမထင်ထားသလိုမဟုတ်ပဲ တဖြည်းဖြည်းနဲ့ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ လမ်းမပေါ်မှာဆန္ဒပြသူတွေ၊ အစိုးရဝန်ထမ်းများ Civil Disobedience Movement (CDM) ပြုလုပ်တာတွေ၊ ကျောင်းသားများကျောင်း မတက်ပဲ CDM ပြုလုပ်လာတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
“အစကတော့ အဲဒီအာဏာသိမ်းတာက တစ်ရက်နှစ်ရက်ဆိုပြီးပြီလို့ပဲထင်တယ်ပေါ့ ၊ သမီးတို့လည်း မကြုံဖူးဘူးလေ အဲလိုမျိုး ၊ နောက်ပိုင်းကျအခြေနေတွေကပိုဆိုးလာတယ် ၊ သေနတ်တွေ ပစ်တဲ့အထိပါဖြစ် လာတော့ ကြောက်လာတယ် သူငယ်ချင်းတွေကလည်းပြောတယ် ဘာဆက်လုပ်မလဲပေါ့ တစ်ချို့သူငယ်ချင်း တွေကတော့ ကျောင်းမတက်ကြတော့ဘူး တစ်ချို့ကလည်း သူတို့မိဘတွေကိုကြောက်တော့ ကျောင်းတက် ရတယ် သမီးကျတော့ အမှန်အတိုင်းပြောရရင် ကျောင်းမတက်ချင်ဘူး ဒါပေမယ့် သမီးက ဆရာမ အရမ်းဖြစ်ချင်တာ ဆိုတော့ ဘာဖြစ်ဖြစ်ရအောင်လုပ်မယ်ဆိုပြီး အဲ့တုန်းက ကျောင်းခနဆက် တက်ခဲ့ သေးတယ်”လို့ မပန်းမွှေးက ပြောပြပါတယ်။
မပန်းမွှေးဟာ ကျောင်းဆက်တက်နေရင်းမှာပဲ သူမနေထိုင်တဲ့ကျေးရွာတွေမှာလည်း ဆန္ဒပြတဲ့ အခြေအ နေတွေကဆိုးရွားလာတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ ဆန္ဒပြမှုကိုဖြိုခွဲဖို့အတွက် သေနတ်တွေ နဲ့ ပစ်ခတ်ခဲ့ရာ ဆန္ဒပြသူတစ်ချို့ထိမှန်ခဲ့တာကို မပန်းမွှေးတစ်ယောက်မျက်ဝါးထင်ထင် တွေ့မြင် ခဲ့ရပါတယ်။
အခုလို တွေ့မြင်ခဲ့ရပြီးတဲ့နောက်မှာတော့ မပန်းမွှေးဟာ သူမရဲ့ မိဘတွေကို ကျောင်းဆက်မတက်ဖို့ ပြောဆိုခဲ့ ရာ မိဘများက ကန့်ကွက်ခဲ့ကြတဲ့အတွက် မပန်းမွှေးတစ်ယောက်အခက်ကြုံနေခဲ့ရပါတယ်။ ဒါပေမယ့် မပန်းမွှေးဟာလက်မလျှော့ပဲ မိဘတွေကို ငိုယိုပြီး ထပ်မံတောင်းဆိုခဲ့တာကြောင့် သူမရဲ့ မိဘတွေက သူမကို ဘာမျှမပြောတော့ပဲ ဥပေက္ခာပြုခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ မပန်းမွှေးဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို ၊ လူမှုကွန်ယက်စာမျက်နှာကနေလည်း စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့ပါတယ်။မပန်းမွှေးဟာ သူမဖြစ်ချင်ခဲ့တဲ့ ကျောင်းဆရာမကို ဖြစ်ခွင့်မရတော့မှန်း သိပြီးနောက် နေ့တိုင်းနီးပါး ငိုကြွေးခဲ့ပေမယ့်လည်း သူမဟာ စစ်အာဏာရှင် လက်အောက်မှာတော့ ကျောင်းတက်ဖို့ကို လုံးဝစိတ်မကူးခဲ့ပါဘူး။
“ဆရာမအရမ်းဖြစ်ချင်ခဲ့တာလေနော် ၊ ဘယ်လောက်တောင်ဆရာမဖြစ်ချင်ခဲ့လည်းဆိုရင် ကျောင်းကနေ အိမ်ကိုပြန်တဲ့လမ်းမှာရှိတဲ့ ချုံတွေကို တုတ် နဲ့ ရိုက်ပြီး တစ်ယောက်တည်း စကားပြောရင်းစာသင်ခဲ့တာ အခြေ အနေတစ်ခုကြောင့် ဆရာမအလုပ်ကို ဘယ်တော့မှမလုပ်ရတော့ဘူးဆိုတာလည်းသိရော မျက်ရည်က သူ့အလိုလိုကျလာတယ် ဒီဘဝတော့ ငါဆရာမမဖြစ်တော့ဘူးဆိုပြီး အဲဒီအတွေးတွေ ဝင်လာတိုင် းမျက်ရည်ကျခဲ့တယ်”လို့ မပန်းမွှေးက အရင်အချိန်တွေကိုပြန်ပြောပါတယ်။
၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းလောက်မှာတော့ ကရင်ပြည်နယ်ထဲမှာ ကရင်အမျိုး သားလွတ် မြောက်ရေးတပ်တော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန်ထိတွေ့ တိုက်ပွဲတွေဖြ စ်ပွားခဲ့တဲ့အတွက် မပန်းမွှေးတို့ မိသားစု စစ်ဘေးရှောင်ခဲ့ရပါတယ်။စစ်ဘေးရှောင်ချိန်မှာလည်း သူမဟာ မိသားစုစားဝတ်နေရေးအတွက် မိခင်ဖြစ်သူ နဲ့ အတူ စစ်ရှောင်ခဲ့တဲ့ကျေးရွာကအမျိုးသမီးရဲ့ နေအိမ်မှာ နေ့စားအလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
စစ်ဘေးရှောင်နေရင်း ၈ လလောက်အကြာမှာတော့ မပန်းမွှေးတို့မိသားစုဟာ သူတို့နေအိမ်တွေဆီပြန်လာခဲ့ ပါတယ်။အဲဒီနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုစတင်ကြေညာခဲ့ပါတယ်။
အခုလို စစ်ကောင်စီဟာ စစ်မှုထမ်းဥဒေကိုကြေညာပြီးတဲ့နောက် မပန်းမွှေတို့ကျေးရွာ နဲ့ အနီးတစ်ဝိုက်မှာ စစ်မှုထမ်းဖို့အတွက်လူငယ်တစ်ချို့ကိုလာရောက်ခေါ်ဆောင်တာတွေရှိသလို ၊ အမျိုးသမီးတစ်ချို့ကိုလည်း စစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ စတင်လုပ်ဆောင်ခဲ့တာကြောင့် မပန်းမွှေးဟာအဆိုပါ အခြေအနေမျိုးကြုံလာမှာကို စိုးရိမ်စပြုလုပ်ခဲ့တဲ့အတွက် မိသားစု နဲ့ တိုင်ပင်ပြီး မလေးရှားနိုင်ငံကိုသွား ရောက်ဖို့အတွက် စတင်ပြင်ဆင်ရပါတော့တယ်။
မလေးရှားနိုင်ငံကိုသွားရောက်ဖို့ဟာလည်း သူမအတွက်အရမ်းခက်ခဲခဲ့တာပါ ၊ သူမတို့မိသားစုဟာ အဆင်မပြေတဲ့ မိသားစုတွေဖြစ်တဲ့အတွက်ကြောင့် မပန်းမွှေးဟာ တရားဝင်လမ်းကြောင်းကနေ သွားဖို့ရာ ဘယ်လိုမှအဆင်မပြေတာကြောင့် တရားမဝင်လမ်းကြောင်းဖြစ်တဲ့ အောက်လမ်းကနေ မလေးရှားနိုင်ငံကို သွားရောက်ခဲ့တာပါ။
အခုလို သွားရောက်ချိန်မှာလည်း လမ်းမှာပင် ၆ ညအိပ်ခဲ့ရပါသေးတယ်။မပန်းမွှေးဟာ မလေးရှားကိုရောက်ရှိ ချိန်မှာလည်း ဘာသာစကားအခက်အခဲတွေကြောင့် ၂ လကျော်တဲ့အထိ အလုပ်မလုပ်ရပဲ ဆွေမျိုးတွေရဲ့အခန်း ကျဉ်းကျဉ်းလေးမှာ နေထိုင်ရင်း မလေးဘာသာစကားကို လေ့လာသင်ယူခဲ့ရပါတယ်။
လက်ရှိမှာတော့ မပန်းမွှေးဟာ စားသောက်ဆိုင်တစ်ဆိုင်မှာအလုပ် လုပ်ကိုင်နေပြီး မိသားစုကို ပြန်လည်ထောက်ပံ့နေပြီးဖြစ်ပါတယ်။
အခုလို အလုပ်လုပ်ပြီး မိသားစုကိုထောက်ပံ့နေပေမယ့်လည်း မတရားမဝင်နေထိုင်နေတာကြောင့် စိတ်မလုံမခြုံဖြစ်ရသလို အော်ပရာစီ ဖမ်းဆီးခံရမှာကို စိုးရိမ်နေပါတယ်။
“အလုပ်တော့လုပ်နေတယ် သမီးတို့မှာက အထောက်အထားတွေမရှိတော့ အော်ပရာစီဝင်ဖမ်းမှာကိုကြောက်ရတယ်၊တစ်ခါတစ်လေဆို အခန်းကို ည ၁၂ နာရီလောက်မှပြန်ရောက်တယ်ဘာလို့လည်းဆိုတော့အသိတွေကပြောတယ် အော်ပရာစီတွေက ညည်းနက်ရင်မဖမ်းတော့ဘူးပြောလို့ အဲလိုဖြစ်နေတဲ့အချိန်ဆို အိမ်ကိုအရမ်းပြန်ချင်တယ်” လို့ မပန်းမွှေးက ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ရှင်းပြပါတယ်။
အော်ပရာစီဖမ်းဆီးခံရပါက မြန်မာနိုင်ငံကို ပြန်လည်ပို့ခံရမှာဖြစ်သလို ၊ စစ်တပ်ရဲ့ စစ်မှုထမ်းအတွက်ကိုလည်း ဖမ်းဆီးခိုင်းစေခံရမှာကို စိုးရိမ်တာကြောင့် မပန်းမွှေဟာ အလုပ်ပိတ်တဲ့ရက်တွေမှာလည်း အခန်းပြင်ကိုပင်မထွက်ခဲ့ပေ။
သူမဟာ သူမဖြစ်ချင်ခဲ့တဲ့ ကျောင်းဆရာမ ဝါသနာကို အာဏာရှုးတစ်စုကြောင့် စွန့်လွှတ်ခဲ့ပေမယ့်လည်း သူမလုပ်အားခထဲကတစ်ချို့ကို စစ်ရှောင်နေရင်း စာသင်ကြားနေရတဲ့ ကျောင်းသားတစ်ချို့ကို ကူညီထောက်ပံ့နေပြီး မြန်မာပြည်ကြီး ပြန်လည်အေးချမ်းသွားတဲ့အခါ ကျောင်းစာသင်ခန်းကို ပြန်လည်တက်ရောက်ခွင့် နဲ့ ကျောင်းဆရာမဖြစ်ခွင့်ကို မျှော်လင့်နေဆဲပဲဖြစ်ပါတယ်။