By – ထက်မြတ်
Date – September 4, 2026
ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်မှာ စက်ဘီးစီးသွားလာနေတဲ့ ကျောင်းသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခဲ့တယ်လို့ Rangoon Scout Network ဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက်၊မနက် ၇ နာရီကျော်လောက်မှာ သာကေတမြို့နယ် ၊ မြင်တော်သာလမ်းပေါ် ၊ ကျန်းမာရေးမှတ်တိုင် နဲ့ မီးသတ်လမ်းဆုံကြားထဲမှာ ၉ တန်းကျောင်းသားအရွယ်ခန့်သာရှိတဲ့ ယောကျာ်းလေးတစ်ဦးဟာ စက်ဘီးစီးသွားလာနေချိန် အရပ်ဝတ် နဲ့ အမျိုးသား ၄ ဦးက စက်ဘီးကိုရပ်ခိုင်းခဲ့ပါတယ်။
အဆိုပါ ကျောင်းသားဟာ စက်ဘီးမရပ်ပဲ ဆက်လက်စီးနင်းခဲ့တာကြောင့် အရပ်ဝတ် နဲ့ အမျိုးသား ၄ ဦးဟာ လိုက်လံဖမ်းဆီးခဲ့တဲ့အတွက် စက်ဘီးလဲကျသွားခဲ့ပါတယ်။အဲဒီနောက် အဆိုပါအမျိုးသား ၄ ဦးဟာ လူငယ်ကို ဖမ်းဆီးဖို့ပြုလုပ်ချိန် လူငယ်မှ မိမိဟာကျောင်းသားဖြစ်ကြောင်း နဲ့ ကျောင်းသွားဖို့ထွက်လာကြောင်း ပြောပြခဲ့တာကြောင့် အဲဒီအမျိုးသား ၄ ဦးဟာ လူငယ်အား ဖမ်းဆီးမှုကို လက်လျှော့လိုက်တယ်လို့ဆိုပါတယ်။
“ အခုကလည်း စခတွေက အရပ်ဝတ် နဲ့လိုက်ဆွဲတာများပါတယ်။တစ်ခါတစ်ခါ ရဲယူနီဖောင်းဝတ်တွေလည်းပါတယ်၊ စစ်သားတွေ ၊ စစ်ကား နဲ့ ပတ်ရင်းဆွဲသွားတာတွေလည်းရှိပါတယ်။အဲ့နေရာက အရင်က အဖမ်းအဆီးရှိ၊မရှိက ဒေတာဟောင်းတွေပြန်ကြည့်ရမယ်၊သာကေတမြို့နယ် အဖမ်းအဆီးဖြစ်တဲ့နေရာတွေများတော့ ရောပြီးမမှတ်မိတော့ဘူး၊အဲဒီနေရာမှာတော့ အရင်က ဖမ်းဆီးမှုရှိခဲ့လောက်မယ်လို့တော့ယူဆရတယ်” လို့ Rangoon Scout Network ရဲ့တာဝန်ရှိသူကပြောပါတယ်။
ယခုကာလဟာ စစ်မှုထမ်းသင်တန်းသစ် စသင်ခါနီးဖြစ်လာတဲ့အတွက် အကြမ်းဖက်စစ်တပ်ဟာ လူဖြည့်ဖို့အတွက် အရပ်ဝတ်များ ဝတ်ကာ လိုက်လံဖမ်းဆီးတာမျိုးတွေပြုလုပ်နေတဲ့အတွက် မြို့ခံပြည်သူတစ်ချို့ဟာ အကြောင်းကိစ္စမရှိပဲ ညဘက်အပြင်ထွက်သွားလာတာမျိုးမရှိတော့ဘူးလို့ ဆိုပါတယ်။
“စစ်မှုထမ်းသင်တန်းသစ်စခါနီးလာပြီးဆိုတော့ လူဖြည့်ဖို့အသည်းအသန်လိုက်ဆွဲနေတာ အမှတ်စဉ်စခါနီးဆို ဆွဲပါတယ်။တစ်လတစ်ခါ အမှတ်စဉ်သစ်စပါတယ် ၊ ထောက်ကြန့်လမ်းဆုံဘက်ဆို ခုတလော ည ၈ နာရီကျော်လောက်ထဲက လူကြဲသွားတယ် ၊ ပုံမှန်ဆို ၁၀ နာရီလောက်ထိလူစည်နေတဲ့နေရာပါ တစ်ခြားနေရာတွေမှာလည်းအဲလိုပဲ”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
အလားတူ စက်တင်ဘာ ၂ ရက်နေ့၊ ည ၇ နာရီကျော်လောက်မှာလည်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ စက်ရုံလမ်းပေါ် တော်ဝင်ပလာဇာအနီး စူပါမားကတ်ရှေ့ဘက်မှာလမ်းလျှောက်သွားလာနေတဲ့ အမျိုးသား ၂ ဦးကို အရပ်ဝတ်များဝတ်ထားတဲ့ အမျိုးသား ၃ ဦးက အလုံပိတ်ကားထဲကိုဆွဲတင်သွားကာ ဖမ်းဆီးသွားပါသေးတယ်။