By – ချယ်ရီနွေဦး
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့ (မေ ၃၁) မနက် ၉ နာရီခန့်က လူနေအိမ် ၁၅ လုံးကို ဘူဒိုဇာနဲ့ အဓမ္မဖြိုချ ဖျက်ဆီးသွားတယ်လို့ မြေပွဲစားနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လားရှိုးမြို့၊ အမှတ် ၅ ရပ်ကွက်၊ အ.မ.က ၁၀ စာသင်ကျောင်းဘေးက လူနေအိမ်တွေကို စစ်ကော်မရှင်တပ် အပါအဝင် သူတို့ လက်အောက်ခံ ကျောင်းဆရာ/မနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အင်အားပြ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် ၅ ရပ်ကွက်အတွင်း နှစ်လများနေထိုင်ခဲ့တဲ့ မြို့ခံတစ်ဦးက “ဒါက ကျောင်းမြေပါ။ ကျနော်တို့ အရင်ကတည်းက နေလာတာပဲ။ သိတာပေါ့။ အခု ဖျက်ခိုင်းတာကတော့ တပ်ပိုင်မြေကျူးကျော်လို့ ဘာညာပေါ့။ တကယ်က ဒါတွေသိမ်းပြီးရင် သူတို့ အိမ်ယာစီမံကိန်းတွေ လုပ်မယ်။ ပြီးရင် ရောင်းစားမယ်လေ” လို့ ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ လူနေအိမ် ၁၅ လုံးထဲမှာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှ ပြောင်းရွှေ့လာတဲ့ တရုတ်လောပန်းတွေရဲ့ အိမ် ၈ လုံးခန့် ပါဝင်ပြီး ကျန်တဲ့ ၇ လုံးကတော့ ကချင်တိုင်းရင်းသားတွေ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
လက်ရှိ မြေကွက်တွေကို အရင် စစ်အာဏာမသိမ်းခင်က အ.မ.က. ၁၀ မှာတာဝန်ကျတဲ့ ကျောင်းအုပ်တစ်ဦးက ရောင်းချခဲ့ပြီး လက်ရှိမှာ သိန္နီမြို့ကို ပြောင်းရွှေ့သွားတာကြောင့် တစ်စုံတစ်ရာ ဖြေရှင်းနိုင်ဖို့အတွက် ခက်ခဲတဲ့ အခြေနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အမှတ် ၅ ရက်ကွက်အတွင်း ရောင်းချနေတဲ့ ဈေးသည် တစ်ဦးက “သူတို့ သတိပေးတာ ဘာညာ မရှိဘူး။ တကယ်တမ်း သတိပေးရင်တော့ အိမ်ရှင်တွေလည်း စီစဉ်ရတာ လွယ်တာပေါ့။ အခုက ဝုန်းဆို လာဖျက်ပဲ။ လျှော်ကြေးလည်း မရဘူး” လို့ ပြောပါတယ်။
အလားတူ မေ ၂၆ ရက်နေ့ကလည်း လားရှိုးမြို့၊ အမှတ် ၉ ရပ်ကွက်၊ နယ်မြေ ၁ ဘူတာအောက် ခေးနင်းလမ်းသွယ် ၈ ထဲက လူနေအိမ် ၁၀ လုံးခန့်ကို တပ်ပိုင်မြေ ကျူးကျော်တယ်လို့ ဆိုကာ ဖျက်ဆီးခဲ့ပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့ နောက်ပိုင်း လားရှိုးမြို့မှာ တရုတ်လောပန်းတွေက ဒေသခံတွေရဲ့ နေအိမ်တွေကို ဈေးကောင်းပေးဝယ်ကာ မောင်းထုတ်နေပြီး တဖက် စစ်ကော်မရှင်တပ်ကလည်း မြေယာသိမ်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မြို့ခံတွေအတွက် နေရပ်ပြောင်းရွှေ့ဖို့အတွက် စိုးရိမ်ပူပန်နေကြရပါတယ်။