ရှမ်းတောင်မှာ ဖမ်းဆီးခံရတဲ့ လိုင်စင်မဲ့ယာဉ် ထောင်ချီအနက် ဌာနဆိုင်ရာယာဉ် မပါလို့ ဝေဖန်ခံနေရ

By – ချယ်ရီနွေဦး
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း စည်းကမ်းမဲ့ယာဉ်အဖြစ် ဖမ်းဆီးခံရတဲ့ ယာဉ်စုစုပေါင်း ၁,၁၀၀ ကျော်ရှိပေမယ့် အဲဒီထဲမှာ ဌာနဆိုင်ရာယာဉ်မပါလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ကား ၄၃၁ စီးနဲ့ ဆိုင်ကယ် ၇၅၉ စီးအထိ ဖမ်းဆီးခဲ့တယ်လို့ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဖမ်းဆီးခံရဖူးသူ အမျိုးသား တစ်ဦးက “အခုမြို့ထဲ မောင်းနေတဲ့ထဲမှာ ဌာနဆိုင်ရာ စတေကာပါတာတွေ ကြည့်လိုက် လိုင်စင် တစ်စီးမှ မပါဘူး။ မော်တော်ပီကေတွေ စီးနေတာလည်း တကယ်တော့ W ပဲ။ သူတို့ ဖမ်းပြီး သူတို့ပြန်စီးနေကြတာ။ တော်လှန်ရေး အစတုန်းကဆို သူတို့ မလှုပ်ရဲဘူး။ အခုမှ စောင်းထနေတာ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မောင်းနှင်နေတဲ့ ယာဉ်အများစုဟာ လိုင်စင်မဲ့ (W)တွေ ဖြစ်ပြီး အဲဒီ ယာဉ်တွေကို သယ်ယူတဲ့ မှောင်ခိုလမ်းကြောင်း တစ်လျှောက်မှာလည်း စစ်တပ်က ပါဝင်ပတ်သက်နေတယ်လို့ ဆိုင်ကယ်ဝယ်/ရောင်း ဆောင်ရွက်နေသူတွေဆီကနေတဆင့် သိရပါတယ်။
စစ်အာဏာ မသိမ်းခင်က အဲဒီ လိုင်စင်မဲ့ယာဉ်တွေကို ယာဉ်ထိန်းရဲတွေက အပြီးသတ် သိမ်းယူတာမျိုး မလုပ်ဘဲ ဖမ်းမိတဲ့အချိန်မှာ ၃၀,၀၀၀ ကျပ်ကနေ ၅၀,၀၀ ကျပ်အထိ ငွေညှစ်ပြီး ပြန်လွှတ်ပေးကြပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်တရားမဝင် ကုန်စည်တွေကို ဖမ်းဆီးတဲ့ စီမံချက်အရ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးလာတာလို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်အတွင်း စီမံချက်အရ ဖမ်းဆီးမှုတွေမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အလွယ်တကူ ညှိနှိုင်းလို့ ရနေပြီး တချို့ဝန်ထမ်းတွေလည်း ရုံးတက်ရုံးဆင်း လိုင်စင်မဲ့ယာဉ်တွေကို စီးနင်းနေတာမျိုး မကြာခဏတွေ့ရတယ်လို့ ဖြတ်သွားဖြတ်လာတွေ့ရှိတဲ့ တက်စီမောင်းသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယာဉ်တွေကို တရားဝင်စီးနင်းဖို့အတွက် ဈေးနှုန်း မတန်တဆ မြင့်မားနေပြီး လိုင်စင်မဲ့ ယာဉ်တွေအနေနဲ့ ဆိုင်ကယ်တစ်စီးကို အနည်းဆုံး သိန်း ၂၀ နီးပါး၊ ကားတစ်စီးကို သိန်း ၈၀ နီးပါးအထိ ပေါက်ဈေး ရှိနေတယ်လို့ ပွဲစားတွေဆီကနေ သိရပါတယ်။
ရှမ်းတောင်ဒေသခံတွေ အနေနဲ့ လိုင်စင်မဲ့ယာဉ်တွေ ဆက်လက် ဖမ်းဆီးနေမယ်ဆိုရင် Non-CDM ဝန်ထမ်းတွေကိုပါ ပူးတွဲအရေးယူပေးဖို့ လိုလားနေပြီး တရားဝင် စီးနင်းနိုင်ဖို့အတွက်လည်း မော်တော်ကားနဲ့ဆိုင်ကယ်တွေကို ဈေးနှုန်းချပေးဖို့ မျှော်လင့်နေကြပါတယ်။
ဓါတ်ပုံ – Social Media (ပုံဟောင်း)

Leave a Reply

Your email address will not be published. Required fields are marked *