ဘုရားသုံးဆူ၊ ဝေါလေနဲ့ မင်းလက်ပံ၊ ဖလူးလမ်းပိုင်းကို စစ်တပ်အခြေချခွင့်ပေးရန် DKBAကို ဖိအားပေးတောင်းဆိုနေ

စက်တင်ဘာလ ၂၊ ၂၀၂၆
ကရင်ပြည်နယ်ထဲက DKBA ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်အဖွဲ့တွေ စိုးမိုးထားတဲ့ ဘုရားသုံးဆူ၊ ဝေါလေနဲ့ ဖလူး၊ မင်းလက်ပံလမ်းပိုင်းကို စစ်အုပ်စုကဝင်ရောက်အထိုင်ချတပ်စွဲနိုင်ဖို့ DKBA တပ်ဖွဲ့ ခေါင်းဆောင်တွေကို ဖိအားပေးတောင်းဆိုနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လပိုင်းအတွင်းမှာ DKBAတပ်ဖွဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထိပ်ပိုင်းခေါင်းဆောင်တွေကို နေပြည်တော်စစ်အုပ်စုနဲ့ မော်လမြိုင် (ရတခ) အရှေ့တောင်တိုင်းစစ်အုပ်စုက ထိုင်း−မြန်မာနယ်စပ်က DKBA ထိန်းချုပ်စိုးမိုးတဲ့နေရာတွေကို စစ်တပ်ဝင် ရောက်အထိုင်ချတပ်စွဲနိုင်ဖို့ DKBA ထိန်းချုပ်စိုးမိုးတဲ့ မြို့ရွာတွေကို စစ်တပ်စိုးမိုးနယ်မြေအဖြစ်ဝင်ရောက်အထိုင်ချခွင့်ပေးဖို့ပြောဆိုတာတွေရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီနေရာတွေမှာ KNLA မဟာမိတ်တပ်တွေနဲ့ စစ်အုပ်စုတပ်တွေ နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကရှေ့တိုး စစ်ဆင်လို့မရတဲ့အခြေအနေ ၂နှစ်ကျော် ကြာလာချိန်မှာတော့ DKBA တပ်ဖွဲ့ကို စစ်တပ်ဘက်က စစ်ရေး၊ နယ်မြေထိန်းချုပ်နိုင်ရေးကို ဖိအားပေးတောင်းဆိုနေတာလို့ DKBA တပ်ဖွဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
“စစ်တပ်ကDKBA လူကြီးတွေကိုခေါ်ခေါ်တွေ့နေတာ ၃၊ ၄ ကြိမ်ရှိပြီ၊ (ရတခ)မော်လမြိုင်သွားလိုက် နေပြည်တော်သွားလိုက်၊ ဖုန်းနဲ့ ပြောလိုက်လုပ်နေတယ်၊ မင်းလက်ပံကိုတိုးမရတော့ DKBA တပ်ရင်း နေရာကို လက်နက်ကြီးပစ်ထည့်တယ်၊ ကျောက်ခက်ဗုဒ္ဓဂါယာ ကုန်းဘက်ကို လေယာဉ် နဲ့ဗုံးကြဲတယ်၊ စစ်တပ်က သုံးဆူနဲ့ ဝေါလေကို ပြန်တောင်းနေတယ်၊ ဖလူး၊ မင်းလက်ပံ၊ သုံးထပ်‌ကွေ့လမ်းပိုင်းနဲ့ ကျောက်ခက်ကို တပ်ပြန်ဝင်ထိုင်ဖို့ ဆိုပြီး ပြန်တောင်းနေတယ် ” လို့ DKBA တပ်ဖွဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
အဲဒီအခြေအနေအပေါ် DKBA တပ်မှူးတပ်ဗိုလ်တွေဘက်ကလည်း နယ်မြေအလိုက်ခေါင်းဆောင်တွေ ဆုံဆည်းမြိုင် DKBA ဌာနချုပ်မှာ စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဒေသတွင်း စစ်ရေးအခြေအနေနဲ့ တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းကိစ္စ ၊ စီးပွားရေးလုပ်ပိုင်ခွင့်ကိစ္စ၊ ဒေသဖွံဖြိုးရေးကိစ္စတွေကို ဆွေးနွေးကြတဲ့ အစည်းအဝေးတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။
အခုလို စစ်အုပ်စုပြန်တောင်းနေတဲ့ဘုရားသုံးဆူနဲ့ ဝေါလေဒေသတွေဟာ စစ်အုပ်စုအုပ်ချုပ်ရေးပျက်ပြားနေပြီး ဘုရားသုံးဆူ နဂါးတောင်ဗျူဟာနဲ့ ဝေါလေစစ်ဗျူဟာကုန်းတွေ ဟာ KNLA မဟာမိတ်တပ်တွေ ဝိုင်းပတ်ပိဆို့ ဖြတ်တောက်ခံထားရလို့ ပိတ်မိနေတဲ့စစ်စခန်း နေရာတွေဖြစ်နေတာ ၃နှစ်နီးပါးရှိနေပါပြီ။
လက်ရှိမှာတော့ ဖလူး၊ မင်းလက်ပံလမ်းပိုင်းနဲ့ ဝေါလေစစ်ဗျူဟာဘက်ကို စစ်တပ်က စစ်ကြောင်း ၅ ကြောင်း၊ အင်အား ၅၀၀ဝန်းကျင် နဲ့ ဖြန့်ကျက်တိုက်ခိုက်နေသလို KNLA မဟာမိတ်တပ်တွေကလည်း ပျောက်ကျားဗျူဟာနဲ့ ဖြတ်တောက်တိုက်ခိုက်နေတာမှာ စစ်တပ်ကမြေပြင်စစ်ကြောင်း တွေအထိနာတပ်လန်တာတွေရှိသလို လက်နက်ချဘက်ပြောင်းခိုလှုံတာတွေလည်းရှိနေတယ်လို့ KNLA မဟာမိတ်တပ်က ပြောပါတယ်။
အဲဒီလို စစ်တပ်ပြန်တောင်းနေတဲ့ ဘုရားသုံးဆူနဲ့ ဝေါလေမြို့ဘက်တွေကို စစ်တပ်ကိုပြန်ပေးမဝင်ရင် DKBA တပ် နေရာတွေကို လေကြောင်းဗုံးကြဲတာနဲ့ လက်နက်ကြီး ၊ ဒရုန်းတွေ တိုက်ခိုက်လာနိုင် တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသတ်တာမျိုးရှိနေပေမယ့် လက်ရှိမြေပြင်မှာတော့ စစ်အုပ်စုက စစ်ရေးနဲ့ ဖိအားပေးတာမျိုးဆက်လက်လုပ်ဆောင်တာမျိုးမတွေ့ရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *