By – ထက်မြတ်
Date – September 2 , 2026
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်က ပျုစောထီးခေါင်းဆောင် နဲ့ ဇနီးဖြစ်သူတို့ကို ဇွန်လ ၃၀ ရက်၊ည ၈ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ထားဝယ်ခရိုင် ၊ ကြက်စာပြင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျုခေါင်းဆောင် ကိုထွန်းဝင်း (ခ)ကိုလူမဲ နဲ့ ဇနီးဖြစ်သူ တို့ဟာ အကြမ်းဖက်စစ်တပ် နဲ့ ပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီးတာ ၊ ငါးဖမ်းလှေတွေကို ဆက်ကြေးကောက်တဲ့အပြင် ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုတာမျိုးတွေလည်းရှိတယ်လို့ဆိုပါတယ်။
“သူက အာဏာသိမ်းကတည်းက ပျူစောထီးလုပ်နေတာ ၊ သူတို့ကြောင့်ဖမ်းဆီးခံရတဲ့သူတွေက အများကြီးပဲ ၊ ရပ်ကွက်ထဲက ပြည်သူတွေတိုင်းကလည်း သူတို့ကိုကြောက်နေရတယ်။သူတို့က စကစရဲ့အရေးပါဆုံးသူတွေ” လို့ Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၎င်းတို့ ၂ ဦးကို ကာကွယ်ရေးတပ်သားတွေက ပြည်သူတွေအပေါ်နိုင်ထက်စီးနင်းပြုလုပ်တာနဲ့ပတ်သက်ပြီး ရပ်တန့်ပေးဖို့ သတင်းပေးစာ ပေးပို့ခဲ့ပေမယ့်လည်း လိုက်နာခြင်းမရှိတဲ့အပြင် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ အတွက် ပျုခေါင်းဆောင် ကိုထွန်းဝင်းတို့ ဇနီးမောင်နှံနှစ်ဦးကို သူတို့ရဲ့နေအိမ် မှာပင် သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ ပျုခေါင်းဆောင် ကိုထွန်းဝင်း (ခ) ကိုလူမဲတို့ ဇနီးမောင်နှံနှစ်ဦးကိုရှင်းလင်းဖို့အတွက် ၁ လနီးပါးအချိန် ယူခဲ့ရသလို ၎င်းတို့ကိုရှင်းလင်းပြီးချိန်မှာလည်း ပစ္စတိုတစ်လက် ၊ ကျည်ဘောက်တစ်ကဒ် ၊ ၃၈၀ ကျည် (၂၈) တောင့် ၊ အိုင်ကွန်တစ်လုံး ၊ ဖုန်းတစ်လုံး နဲ့ ပိုက်ဆံ (၂၈၀၀၀၀)ကျပ်တို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။
“သူတို့ကိုမရှင်းလင်းခင် သူတို့အိမ်ကို စာလည်းပို့ခဲ့တယ်၊လိုင်းပေါ် ကနေလည်း သတိပေးထားတယ် ၊သူတို့ကိုရှင်းလင်းဖို့အတွက် အချိန် ၂၈ ရက်ယူခဲ့ရတယ်။ရှင်းလင်းတဲ့အချိန်မှာလည်း သူတို့က ပြန်လည်ခုခံခဲ့သေးတယ်”လို့ အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
အဲဒီ ပျုစောထီးခေါင်းဆောင် ကိုထွန်းဝင်း (ခ)ကိုလူမဲတို့ ဇနီးမောင်နှံကို ပစ်ခတ်ရှင်းလင်းပြီးနောက် အကြမ်းဖက်စစ်တပ်က ကား ၁၀ စီး နဲ့ ရောက်လာပြီး ဖမ်းဆီးစစ်ဆေးတာမျိုးတွေပြုလုပ်ခဲ့ပါသေးတယ်။