ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)မှာ စစ်ကော်မရှင်က အခု စက်တင်ဘာလ လာမယ့် ရက်သတ္တပတ်တွေအတွင်း လက်နက်ချပွဲ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်နီပြည် စစ်မြေပြင်မှာ အလင်းဝင်လာသူတွေ၊ ဖမ်းမိထားတဲ့ သုံ့ပန်းတွေ၊ အိမ်ကို ခေတ္တပြန်လာစဉ် ဖမ်းဆီးခံရတဲ့ PDF တွေကို စုပေါင်းပြီး လက်နက်ချ အလင်းဝင်ပွဲ ပြုလုပ်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အလင်းဝင်သွားတာတော့ ဟုတ်တယ်။ လူဦးရေ တိတိကျကျ မသိရသေးဘူး။ တပ်ကလည်း ထွက်ခွင့်ပေးထားပေမယ့် တပ်ပြေးတွေနဲ့ရောဆိုတော့ သူတို့ ထုတ်ပြန်မှပဲ ခန့်မှန်းလို့ရမှာ။ သူတို့ဖက်ကတော့ ထုံးစံအတိုင်း စာရင်း ပိုပြောလာနိုင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်း အင်းလေး PDF တပ်ဖွဲ့ဝင်ဟောင်း မိုက်ခဲအပါအဝင် တပ်ဖွဲ့ဝင်အများစုဟာ စစ်ကော်မရှင်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းစစ်ကြောင်းရဲ့ လက်အောက်ကို လက်နက်ချ အလင်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ သတင်းကို PNA ပြောရေးဆိုခွင့်ရှိသူ ခွန်ဆန်းအောင်နဲ့ အင်းလေး PDF တပ်ရင်းမှူး အင်းသွေးနီတို့က အတည်ပြုထားပြီး အင်းသွေးနီအနေနဲ့ တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ ပါဝင်မယ်လို့ ထပ်လောင်း ပြောဆိုထားပါတယ်။
၂၀၂၆ ခုနှစ်အတွင်း စစ်ရေး ဘဏ္ဍာရေး အကြပ်အတည်းအရ ကရင်နီပြည် အခြေစိုက် PDF တပ်ဖွဲ့တချို့ဟာ ရပ်တည်ရ ခက်ခဲလာပြီး တချို့က KNDF နဲ့ ပူးပေါင်းတာ ရှိသလို တချို့ကလည်း စစ်ကော်မရှင်လက်အောက်ကို အလင်းဝင်သွားတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကော်မရှင် ကျင်းပမယ့် လက်နက်ချပွဲနဲ့ ပတ်သက်ပြီး အင်းလေးဒေသရဲ့ ပျူစောထီးခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဇော်လတ်နဲ့ ညီညီထွန်း (ခေါ်) ဖိုးသာထူးကိုလည်း ပွဲအောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့မယ်ဆိုရင် တစ်ဦးကို သိန်းတစ်ထောင်ကျပ်စီ ချီးမြှင့်မယ်လို့လည်း မက်လုံးပေးထားတယ်လို့ ပျူစောထီးနဲ့ နီးစပ်တဲ့ ဒေသခံတွေက ဆိုထားပါတယ်။