မြောင်မြို့နယ်ရှိ တရားစခန်းတစ်ခုကို စစ်တပ်ဗုံးကြဲလို့ တရားအားထုတ်နေတဲ့ သက်ကြီးရွယ်အို ဆယ်ချီ သေဆုံး

By – သူတိုးစံ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာမှာ တရားစခန်းဖွင့်ထားတဲ့ ဘုန်းတော်ကြီးကို ဒီကနေ့ မနက်ပိုင်းမှာ စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့တဲ့အတွက် တရားအားထုတ်နေတဲ့ သက်ကြီးရွယ်အိုအပါအဝင် ဆယ်ချီသေဆုံးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၁ ရက် မနက် ၉ နာရီခွဲခန့်က ဆွဲလဲအိုကျေးရွာဘုန်းတော်ကြီးကျောင်းပေါ်ကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းမှာ တရားအားထုတ်နေတဲ့ သက်ကြီးရွယ်အိုအများစု ထိခိုက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက PRM ကို ပြောပါတယ်။
“ပြောစရာစကားတောင် မရှိတော့ဘူးဗျာ၊ ဒီနေ့က ဥပုသ်နေ့လေ၊ တရားစခန်းလည်း ဖွင့်ထားတာ လူကြီးတွေ တရားအားထုတ်နေကြတာဗျာ၊ ကျောင်းထဲကို ပစ်ချသွားတာ တော်တော်များတာပေါ့” လို့ ပြောပါတယ်။
အဆိုပါဘုန်းတော်ကြီးကျောင်းမှာ (၁၀)ရက်တရားစခန်းဖွင့်ထားတာဖြစ်ပြီး တရားအားထုတ်သူများနဲ့ ဝေယျာဝစ္စ လာလုပ်ကိုင်သူများ ရှိနေတဲ့အတွက် ထိခိုက်သေဆုံးမှု များခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ကနဦးကောက်ယူထားတဲ့စာရင်းအရ တရားအားထုတ်နေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးသူဦးရေ ထပ်တိုးလာနေတယ်လို့ မြေပြင် အဖွဲ့တွေက ပြောဆိုထားပါတယ်။
စစ်တပ်ဗုံးကြဲလိုက်တဲ့အချိန်ဟာ ဝါတွင်းကာလ ဝါခေါင်လဆန်း(၈)ရက် ဥပုသ်နေ့မှာ ဗုဒ္ဓဘာသာဝင်များ သီလယူနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
“စစ်တပ်က ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ် ဘာညာကြည့်နေတာမဟုတ်ဘူး၊ အကုန်လုံးကို ချနေတာပဲ၊ ဒီကောင်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုထက် ဘာမှ မရှိတော့ဘူး၊ လုပ်ချင်ရင် လုပ်ထည့်တာပဲ၊ ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်နေလဲဆိုတာ ဒီလိုဖြစ်စဉ်တွေက သက်သေပဲလေ” လို့ မြောင်မြို့ခံတစ်ဦးက ပြောပါတယ်။
ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရတဲ့ အညာဒေသမှာ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်နေတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများစွာ လိုအပ်နေတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းအထိ နိုင်ငံတဝှမ်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ် သုံးထောင်ကျော်ရှိခဲ့တယ်လို့ Myanmar Peace Monitor က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *