ဖယ်ခုံမြို့နယ်မှာ ရာသီတုတ်ကွေးဖြစ်ပွားသူများနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

By – ချယ်ရီနွေဦး
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာမှာ ဒေသခံနဲ့ စစ်ဘေးရှောင် စုစုပေါင်း လူဦးရေ ၁၆၀ ခန့်ဟာ ရာသီတုတ်ကွေးနဲ့ ဝမ်ပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြပြီး ဆေးနဲ့ ဆက်စပ်ပစ္စည်း အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ရောဂါဖြစ်ပွားနေသူတွေဟာ ဩဂုတ်လ အစပိုင်းကတည်းက စတင်ရေတွက်မယ်ဆိုရင် တစ်ပတ်ကျော်ကြာခန့် ရှိလာပြီး ဖျားနာရာမှာ အခြေခံ သုံးစွဲတဲ့ ပါရာစီတမောလ် (Paracetamol) ၊ ပိုးသတ်ဆေး အမ်မိုဆီလင် (Amoxicillin) လို ဆေးဝါးတွေလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် အဖွဲ့အစည်း တာဝန်ခံ တစ်ဦးက “အခြေခံ ဆေးတွေတောင် မရှိတော့ဘူး။ အဲတာ တော်တော်ကြာပြီ။ ကျနော်တို့ ဓါတ်ဆားကလည်း ရှာရခက်တယ်။ ဒီတိုင်း ဆားနဲ့ သကြားရောစပ်ပြီး ဓါတ်ဆား လုပ်မယ်ဆိုရင်တောင် သကြားက ခက်တယ်ဗျာ့။ ဒီကလာက အလှူခံဖို့ကလည်း အားနာရလို့ ကိုယ့်အချင်းချင်းပဲ ကြိတ်ဖြေရှင်း ဝိုင်းကူ အဲလို လုပ်နေရတယ်ဗျာ့” လို့ ပြောပါတယ်။
ရာသီတုတ်ကွေးရောဂါဟာ ကူးစက်လွယ်တာကြောင့် ကလေးအချင်းချင်း ထိတွေ့မှု ဟန့်တားတဲ့ အနေနဲ့ စာသင်ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်ထားရပြီး အခြေအနေစောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ကယန်းအမျိုးသား ကျန်းမာရေး ကော်မတီ (KNHC)က ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ မယ်စုံတောင်ကျေးရွာကို ဩဂုတ်လ ၈ ရက်နေ့ကလည်း လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးခဲ့ပေမယ့် ဆရာဝန် ဦးရေနဲ့ လူနာဦးရေ မမျှမတ ဖြစ်နေပြီး လူနာအရေအတွက် အယောက်စေ့တဲ့အထိ ဆေးဝါးအကူအညီ ရဖို့လိုအပ်နေသေးတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။
လတ်တလော ဆေးဝါးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဆေးမြှီးတိုအနေနဲ့ ဂျင်းပြုတ်ရည်ကို ပျားရည်၊ ကြံတကာ၊ ထန်းလျက်တို့နဲ့ ရောစပ် သောက်သုံးနေကြတယ်လို့ ဆိုပါတယ်။
ရောဂါ ဖြစ်ပွားတဲ့ကာလ တစ်ပတ်ကျော်လာသူတွေ အနေနဲ့ COVID-19 ဖြစ်ပွာနေမှာကို စိုးရိမ်ပူပန်နေရပြီး ဒေသတွင်း ကျန်းမာရေးဝန်ထမ်းတွေက ရေကိုကျိုချက် သောက်သုံးဖို့၊ လက်ကို ဆပ်ပြာနဲ့ဆေးဖို့၊ အစားအသောက်တွေကို စနစ်တကျ ဆေးကြောဖို့နဲ့ အမှည့်လွန်တဲ့ အသီးနှံတွေကို မစားကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။
ဓါတ်ပုံ – Crd⁩

Leave a Reply

Your email address will not be published. Required fields are marked *